CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၃

ကွင်းလယ်ကစားသမား ပေါ့ဘာဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှ ဂျူဗင်တပ်စ် အသင်းအတွက် ပြန်လည် ပါဝင် ကစားနိုင်မယ်လို့ နည်းပြဖြစ်သူ အယ်လီဂရီက ပြောလိုက်ပါတယ်။

အယ်လီဂရီက “ကျနော်စိတ်ကူးထားတာက ရာဘီယော့ကို မိနစ် ၆၀ ကစားခိုင်းပြီး ပေါ့ဘာကို မိနစ် ၃၀ ကစား ခိုင်းဖို့ပါ။ ဒါပေမယ့် ပေါ့ဘာက ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ပေါ့ဘာဟာ ပြစ်ဒဏ်ဘောတွေ ကန်သွင်းနေရင်း ဒဏ်ရာ ရရှိသွားခဲ့တာပါ။ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပေမယ့် ကြာသပတေး နေ့နဲ့ တနင်္ဂနွေနေ့ ပွဲစဉ်တွေမှာ သူပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ သူ့ကို ပြန်ပြီးမြင်တွေ့ရမှာပါ”လို့ DAZN ကို ပြောခဲ့တာပါ။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိလာကတည်းက ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှသာ ပြန်ပြီး ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်နဲ့ လူစာရင်းကနေ ချန်လှပ် ခံခဲ့ရ ပေမယ့် ဆမ်ဒိုးရီးယားနဲ့ စီးရီးအေပွဲမှာ နည်းပြက သူ့ကို အသုံးပြုဖို့ ရည်ရွယ်ထားခဲ့တာပါ။

ဒါပေမယ့် ပေါ့ဘာဟာ ဒဏ်ရာ ထပ်မံရခဲ့လို့ လူစာရင်းမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာနဲ့ နည်းပြကိုတွေ့ရစဉ်

ပေါ့ဘာဟာ ဒီရာသီမှာ ဂျူဗင်တပ်စ် အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားထားနိုင်ပြီး နည်းပြ အယ်လီဂရီရဲ့ ပြော စကားအရ ကစားသမားဟာ ဧပြီလ ၁ ရက် ဗီရိုနာနဲ့ ကစားမယ့် စီးရီးအေပွဲစဉ်မှသာ အသင်းအတွက် ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေတာပါ။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ပထမအကြိမ် ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒုတိယအကြိမ် ပြန်ကစားတာမှာတော့ ခြေစွမ်းပြနိုင်ဖို့ထက် ဒဏ်ရာတွေကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဆမ်ဒိုးရီးယားအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် စီးရီးအေ အမှတ်ပေး ဇယား အဆင့် ၇ နေရာအထိ တက်လှမ်းနိုင်ခဲ့တာပါ။

အပြောင်းအရွှေ့ ကိစ္စရပ်တွေကြောင့် ၁၅ မှတ် လျှော့ခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ပြန်လည် ရရှိနေပြီး အဆင့် ၄ နေရာက အေစီမီလန်အသင်းနဲ့ ၉ မှတ်ကွာဟနေတာ ဖြစ်ပါ တယ်။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် ကြားရက်မှာတော့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဖရိုင်းဘတ် အသင်းအိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဒီနှစ်သင်း ပထမအကျော့အဖြစ် ဂျူဗင်တပ်စ် အိမ်ကွင်းမှာ ကစားခဲ့တုန်းက စီးရီးအေကလပ်က ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: Goal