CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီဟာ မာဆေးလ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုး သွင်းယူပြီးနောက် ကလပ်ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ မာဆေးလ်အသင်းနဲ့ ပွဲမှာ ဂိုးသွင်း ယူခဲ့တာကြောင့် ပီအက်စ်ဂျီအသင်း အတွက် သွင်းဂိုး ၂၈ ဂိုး သွင်းယူထားနိုင်ခဲ့တာပါ။

မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့တုန်းက ၆၇၂ ဂိုး သွင်းယူထားတဲ့အတွက် ကလပ်ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် မက်ဆီဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာ ကလပ်သွင်းဂိုး ၇၀၀ ပြည့်တဲ့ ဒုတိယမြောက် ကစားသမား လည်း ဖြစ်ခဲ့တာပါ။

မက်ဆီ မတိုင်ခင်က ပြိုင်ဘက်ကြီးဖြစ်တဲ့ ရော်နယ်ဒိုက ယူနိုက်တက်အသင်းမှာ ကစားချိန် အခုနှစ်ရာသီ အစော ပိုင်းက ဒီစံချိန်မှတ်တမ်းကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ဘတ်ပီကိုတွေ့ရစဉ်

အခုအချိန်မှာတော့ မက်ဆီဟာ ရော်နယ်ဒိုရဲ့ စံချိန်မှတ်တမ်းတစ်ခုကို လိုက်မှီခဲ့တာပါ။ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၂၈ ပွဲ ကစားထားအပြီးမှာ ၁၇ ဂိုးသွင်းယူကာ ၁၆ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ဘောလွန်းဒီအောဆု ၇ ကြိမ် ရယူထားတဲ့ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တာ အပါအဝင် ပြင်သစ်ကလပ်အတွက် ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဖီဖာရဲ့ အကောင်းဆုံးဆုကို ရယူဖို့လည်း ရေပန်းစားနေတာပါ။

မက်ဆီဟာ ဒီဆုအတွက် ပီအက်စ်ဂျီ အသင်းဖော် ဘတ်ပီ၊ ရီးရယ်လ် အသင်းခေါင်းဆောင် ဘန်ဇီမာတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မာဆေးလ်အသင်းကို အနိုင်ရခဲ့လို့ လီဂူးဝမ်းမှာ ၂ ပွဲဆက် နိုင်ပွဲပြန်လည် ရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားကို ၈ မှတ်အသာနဲ့ ဦးဆောင်နေခဲ့တာပါ။

ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံအသင်းဟာ မတ်လ ၄ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် နန့်တက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC