CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းနည်းပြ ရာထူးအတွက် ရီးရယ်လ်အသင်း နည်းပြ အန်ဆယ်လော့တီကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က “နည်းပြသစ်အဖြစ် ရွေးချယ်ခံရတဲ့သူကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေး သွားမယ်”လို့ ထုတ်ပြန်ထားတာပါ။

ဘရာဇီးလ်အသင်းဟာ နည်းပြတီထီ ထွက်ခွာပြီးနောက် လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။ အသက် ၆၃ နှစ်အရွယ်ရှိ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အီတလီ လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရွေးစင် အတွေ့အကြုံ ရှိခဲ့တာပါ။

ဒါပေမယ့် အီတလီ လူမျိုးနည်းပြနဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ အထိ သက်တမ်းရှိနေ တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ စပိန်ကလပ်မှာ ဆက်ရှိနိုင်တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းကိုတွေ့ရစဉ်

အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဘရာဇီးလ်အသင်းဟာ အန်ဆယ်လော့တီကို ၂၀၂၆ ကမ္ဘာ့ဖလား အထိ ကိုင်တွယ်စေမယ့် ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဘရာဇီးလ်အသင်းဟာ နည်းပြသစ်အဖြစ် ဘရာဇီးလ်လူမျိုး မဟုတ်တဲ့ သူတွေကို ခန့်အပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ စပိန်နည်းပြဟောင်း အင်းနရစ်၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာ၊ ဇီဒန်းနဲ့ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုတို့ဟာ ချိတ်ဆက်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ လာမယ့်လတွေမှာ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေတာကြောင့် မကြာခင်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

Source: BBC