CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၇
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ လစ်လပ်နေတဲ့ ဘရာဇီးလ်အသင်း နည်းပြရာထူးအတွက် နည်းပြသစ်ကို လာမယ့် အပတ်အကုန်မှာ နောက်ဆုံးထားပြီး ကြေညာဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဒိုရီဗယ်လ်ဂျူနီယာကို မတ်လ ၂၈ ရက်မှာ ထုတ်ပယ်ခဲ့ပြီးနောက် ဘရာဇီးလ်အသင်း နည်းပြသစ်ကို ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် တာဝန်ယူမယ့် အချိန်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေရှိခဲ့ပါတယ်။
အဲဒါကြောင့် CBF ဟာ ရီးရယ်လ်အသင်း လာလီဂါ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပြီးတဲ့အထိ သူတို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို သက်တမ်းတိုးပေးခဲ့တာပါ။
CBF ရဲ့ နိုင်ငံအသင်းဒါရိုက်တာ ရိုဒရီဂိုက ဘရာဇီးလ်အသင်း နည်းပြသစ်ကို ရွေးချယ်ရတာဟာ နိုင်ငံအတွက် အရေးကြီးပြီး ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်ရတယ်ဆိုတာ သိပေမယ့် လာမယ့်အပတ်အကုန်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ရည်ရွယ်ထားတယ်လို့ Sportv ကိုပြောခဲ့တာပါ။
အန်ဆယ်လော့တီနဲ့ ဂျော့ချ်ဂျီးဆပ်ကို တွေ့ရစဉ်
ဒါအပြင် ရိုဒရီဂိုက ဘရာဇီးလ်အသင်း နည်းပြရာထူးအတွက် တိကျတဲ့ နာမည်တစ်ခုအကြောင်း ပြောရတာဟာ ခက်ခဲတယ်လို့လည်း ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ဇွန်လထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီမတိုင်မီ လူစာရင်း ထုတ်ပြန်နိုင်ဖို့အတွက် နည်းပြသစ်ကို အမြန်ဆုံး ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် အဓိက ပစ်မှတ်ထားနေပေမယ့် အယ်လ်ဟီလယ်အသင်း နည်းပြဟောင်း ဂျော့ချ်ဂျီးဆပ်ကိုလည်း သူတို့ရဲ့နည်းပြ စာရင်းထဲမှာ ထည့်သွင်းထား တာပါ။
ဂျော့ချ်ဂျီးဆပ်ဟာ ဒီရာသီ အယ်လ်ဟီလယ်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် မေလ ၃ ရက်က အသင်းနဲ့ လမ်းခွဲ ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အမှတ်ပေးဇယားအဆင့် ၄ နေရာ ရပ်တည်နေတဲ့ ဘရာဇီးလ် အသင်းဟာ လက်ကျန်ခြေစစ်ပွဲ ၄ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်တာနဲ့ ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်မှာ ဖြစ်ပါ တယ်။
Source:ESPN