CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟားဘတ်ဟိုင်နာက ပေါက်ကွဲစေတဲ့ အင်တာဗျူးတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမား နူအာနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုကို ယူနိုက်တက် လုပ်ဆောင်သလို စာချုပ်ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဟားဘတ်ဟိုင်နာက “ယူနိုက်တက်က ရော်နယ်ဒိုကို လုပ်သလိုမျိုး ကျနော်တို့လုပ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဟာ ဘိုင်ယန်မြူးနစ်အသင်းပါ။ ကျနော်တို့အသင်းဟာ ဒီလိုအရာတွေကို အတွင်းပိုင်းမှာပဲ ရှင်းသွားမှာပါ။ ဒီလို အရာတွေက ဘိုင်ယန်မြူးနစ်ကို ပိုပြီးအားကောင်းစေပြီး ထူးခြားစေပါတယ်”လို့ BR24 Sport ကို ပြောခဲ့တာပါ။

ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား နူအာဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂိုးနည်းပြကို ထုတ်ပယ်ခဲ့တဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောဆိုမှုအပေါ် ဘိုင်ယန်မြူးနစ်အသင်း ဂန္တဝင်တွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး ကလပ်အသင်း ခေါင်းဆောင် အဖြစ် ဆောင်ရွက်နေတဲ့ နူအာရဲ့ အနာဂတ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း စီအီးအို အိုလီဗာခန်းကတော့ နူအာနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်မယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ နူအာကိုတွေ့ရစဉ်

ကမ္ဘာ့ဖလား မတိုင်ခင်က ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီး မှာ မန်ချက်စတာ ကလပ်ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ် အသင်း ကလည်း ဒီလိုမျိုး လုပ်လာနိုင်တယ်လို့ ထင်ခဲ့တာပါ။

ဒါပေမယ့် ဟားဘတ်ဟိုင်နာက နူအာဟာ ရော်နယ်ဒိုလိုမျိုးဖြစ်မှာ မဟုတ်ဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။

နူအာဟာ လက်ရှိအချိန်မှာ ခြေထောက် ကျိုးနေခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းအတွက် ပါဝင် ကစား နိုင်ခြင်း မရှိသေးဘဲ ရာသီအကုန်ထိ အနားယူရဖွယ် ရှိနေတာပါ။

ဂျာမန်ကလပ်ဟာ နူအာ အနားယူရမှာဖြစ်လို့ ဂိုးသမား နေရာအတွက် ယန်ဆွန်မာကို အစားထိုး ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ နူအာဟာ ဘိုင်ယန်မြူးနစ် အသင်းကို ၂၀၁၁ က ရှော်လ်ကေးအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၄၈၉ ပွဲ ပါဝင်ကစားကာ ဆုဖလား အောင်မြင်မှု အများအပြား ရယူထားနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီရာသီ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေသလို ချန်ပီယံ လိဂ် ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail