CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀

နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်က ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒရော့ဘာနဲ့ အဆင့်တူပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်တယ်ဆိုရင် ဒိုင်ဗင်ထိုးတာကို ရပ်တန့်ဖို့ လိုတယ်လို့ ရိုးမားအသင်း နည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။

မော်ရင်ဟိုက “သူက ဒရော့ဘာနဲ့ အဆင့်တူပေမယ့် ဒရော့ဘာက ဒိုင်ဗင်မထိုးပါဘူး။ အိုဆင်ဟမ်အနေနဲ့ ဒါကို ပြောင်းလဲနိုင်ရင် အဆင်ပြေသွားမှာပါ။ ကျနော်သာ ပိုက်ဆံ အများကြီးရှိတဲ့ ကလပ်မှာ ရှိတယ်ဆိုရင် သူ့ကို ဝယ်ယူမှာပါ။ ဒါပေမယ့် အင်္ဂလန်ကို တစ်နေနေ့ သွားမယ်ဆိုရင် ဒါကို ပြောင်းဖို့တော့ လိုပါတယ်။ အီတလီမှာ တော့ ဒီလိုအပြုအမူမျိုးကို ပြုလုပ်ကြပေမယ့် ပရီးမီးယားလိဂ်မှာဆိုရင် ဒါက လုပ်လို့ရမှာ မဟုတ်ပါဘူး။ သူဟာ ထူးချွန်တဲ့ ကစားသမားပါ။ ဒါပေမယ့် ဒိုင်ဗင်မထိုးသင့်ပါဘူး”လို့ ပြောခဲ့တာပါ။

အိုဆင်ဟမ်ဟာ နာပိုလီအသင်းက မော်ရင်ဟိုရဲ့ ရိုးမားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အဖွင့် ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုဆင်ဟမ်ဟာဆိုရင် ဒီရာသီမှာ နာပိုလီအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားအပြီးမှာ ၁၅ ဂိုး သွင်းယူထား ကာ ခြေစွမ်းပြသနေတာပါ။ အဲ့ဒါကြောင့် အိုဆင်ဟမ်ကို ခေါ်ယူဖို့ ယူနိုက်တက် အပါအဝင် အသင်းကြီး တချို့က ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

မော်ရင်ဟိုနဲံ အိုဆင်ဟမ်ကိုတွေ့ရစဉ်

နာပိုလီအသင်းနဲ့ အိုဆင်ဟမ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်း ရှိနေတာကြောင့် စီးရီးအေ ကလပ်ဟာ ရောင်းချဖို့ ဖိအားမရှိပေမယ့် ပြောင်းရွှေ့ကြေး အများအပြားနဲ့ ကမ်းလှမ်းလာရင်တော့ နွေရာသီ အပြောင်းအရွှေ့မှာ စဉ်းစားဖို့ ရှိနေတာပါ။

ယူနိုက်တက် အသင်းဟာ အခုအပြောင်းအရွှေ့မှာ ရေတိုအဖြစ် ဘန်လေတိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို အငှားနဲ့ ခေါ်ယူထားပြီး နွေရာသီမှာ အဓိကတိုက်စစ်မှူး တစ်ဦးကို ဝယ်ယူဖို့ လုပ်ဆောင်နေပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက် အသင်းဟာ ဟာရီကိန်းနဲ့အတူ အိုဆင်ဟမ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ် ထားပါတယ်။

အိုဆင်ဟမ်ဟာ ဒီရာသီ နာပီလီအသင်း စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်အောင် အဓိက စွမ်းဆောင်နိုင်ခဲ့တဲ့ သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဒုတိယနေရာက အင်တာမီလန် အသင်းကို ၁၃ မှတ်အသာရပြီး ဦးဆောင်နေတာပါ။

အိုဆင်ဟမ်ဟာ ၂၀၂၀ က လိုင်လီကနေ ရောက်ရှိလာခဲ့ပြီးနောက် နာပိုလီအသင်းအတွက် ၈၂ ပွဲ ပါဝင် ကစားထားပြီး ၄၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Goal