CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃

အာဆင်နယ်အသင်း ကြယ်ပွင့် ကစားသမား ဆာကာက ယူနိုက်တက်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီးနောက် ဒီပုံစံကို ဆက်ထိန်းထားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဆာကာက “အခုအနေအထားက ကျနော်တို့ ဂုဏ်ယူနိုင်တဲ့ အရာတစ်ခုဖြစ်ပေမယ့် ကျနော်တို့ နှိမ့်ချဖို့တော့ လိုအပ်ပါတယ်။ အခုမှ ရာသီရဲ့ တစ်ဝက်သာ ရှိသေးတာကြောင့် အဖြစ်အပျက်တွေဟာ အလွန်လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ရှိနေတဲ့ ပုံစံအတိုင်း ဆက်ပြီး ကစားသွားရင်တော့ ရာသီ အကုန်မှာ ကောင်းမွန်တဲ့ နေရာမှာရှိနေမှာပါ။ ဒါကို ရာသီအကုန်ထိ ထိန်းထားဖို့ပဲ လိုအပ်တယ်”လို့ ပြောခဲ့တာပါ။

ဆာကာဟာ ယူနိုက်တက်အသင်းကို အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်အတွက် ဂိုးသွင်းယူနိုင်ခဲ့သလို ပြိုင်ဘက်နောက် တန်းကို တစ်ပွဲလုံး ဒုက္ခပေးနိုင်တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းထက် ၁ ပွဲလျော့ ကစားထားပြီး ရမှတ် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။ ဆာကာကတော့ ယူနိုက်တက်အသင်းကို ပြန်ပြီး အနိုင် ရခဲ့လို့ ပျော်ရွှင်ကြောင်းလည်း ပြောခဲ့ပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်

ဆာကာက “ ဒါဟာ လူတိုင်းအတွက် ဘယ်လောက်ထိ အဓိပ္ပါယ်ရှိလဲဆိုတာကို ခင်ဗျားတို့ မြင်တွေ့နိုင်မှာပါ။ သူတို့ ဟာ ဒီရာသီမှာ ကျနော်တို့ကို အနိုင်ယူထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်လို့ ပရိသတ်တွေအတွက် တကယ်ကို အနိုင်ယူပေးချင်ခဲ့တာပါ။ ကျနော်တို့ဟာ အကောင်းဆုံး မစတင်နိုင်ခဲ့တဲ့အတွက် ဒါဟာ မလွယ်ကူခဲ့ပါ ဘူး။ ဒါပေမယ့် ကျနော်တို့ဟာ ပြန်လာပြီး အနိုင်ရအောင် လုပ်ဆောင်နိုင်တဲ့ စရိုက်လက္ခဏာတွေကို ပြသနိုင်ခဲ့ ပါ တယ်”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စက်တင်ဘာလ အစောပိုင်းက ယူနိုက်တက်အသင်းကို ပထမအကျော့ ပွဲစဉ်မှာ အရေးနိမ့် ပြီး ကတည်းက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတာဖြစ်ပါတယ်။

လက်ရှိအချိန် ရှုံးပွဲမရှိတာ ၁၃ ပွဲအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားအပြီးမှာ ရမှတ် ၅၀ အထိ ရယူထားတဲ့ အာဆင်နယ်အသင်းဟာ ရာသီကုန် ချိန်မှာ ရမှတ် ၁၀၀ ကျော် သွားနိုင်တယ်လို့တောင် သုံးသပ်နေကြတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုအပတ်မှာတော့ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal