CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀

ယူနိုက်တက် ကစားသမားဟောင်းဖြစ်သူ လင်ဂတ်က အသင်းမှာရှိချိန် သူ့ရဲ့ ကစားသမားဘဝကို ဖြတ်သန်းဖို့ ရုန်းကန်ရချိန်မှာ နာကျင်ခဲ့ရလို့ ဒီနာကျင်မှုတွေကို မေ့ပျောက်အောင် ကြိုးစားဖို့အတွက် အရက်သောက်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

လင်ဂတ်က “နာကျင်မှုကို မေ့ပျောက်အောင် ကြိုးစားနိုင်ဖို့အတွက် တစ်ခုခု လိုအပ်နေခဲ့ပါတယ်။ တစ်နည်းနည်းနဲ့ စိတ်သက်သာရာ ရစေဖို့အတွက် ညအိပ်ယာမဝင်ခင်မှာ အရက်သောက်ပါတယ်။ အခု ပြန်တွေးကြည့်တော့ ငါဘာတွေ လုပ်ခဲ့တာလဲဆိုပြီးတော့ ဖြစ်ခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မေ့ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အဲ့ဒါက ၁၀ ဆ ပိုပြီးတော့ ဆိုးစေပါတယ်”လို့ The Diary Of A CEO podcast ကို ပြောခဲ့တာပါ။

အသက် ၃၀ အရွယ်ရှိ လင်ဂတ်ဟာ ယူနိုက်တက်အသင်းကို အသက် ၇ နှစ်အရွယ် ကတည်းက ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၂၃၀ ကျော် ပါဝင်ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက အသင်းမှာ ပါဝင်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ ရပါ တယ်။

အဲ့ဒါကြောင့် လင်ဂတ်ဟာ စာချုပ်ကုန်ဆုံးချိန်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လင်ဂတ်က သူ့ရဲ့ မိခင်ဖြစ်သူ စိတ်ကျရောဂါကြောင့် ဆေးရုံတက် ကုသရချိန်မှာ ရုန်းကန်ခဲ့ ရတဲ့ အတွေ့အကြုံတွေကိုလည်း ပြောသွားခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းရောက်သွားတဲ့ လင်ဂတ်ကိုတွေ့ရစဉ် 

လင်ဂတ်က “သူမ(မိခင်)က စိတ်ကျဝေဒနာကို ခံစားရတာက တကယ်ကို ဆိုးရွားခဲ့ပါတယ်။ တကယ်ကို မထိန်း ချုပ်နိုင်တော့ဘဲ အဝေးကို ထွက်သွားပြီး အကူအညီ ရယူနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ၁၁ နှစ်အရွယ် ညီမနဲ့ ၁၅ နှစ်အရွယ် ညီလေးကို ထားခဲ့ပြီး ကျနော်လည်း ကိုယ်လုပ်ရမယ့် အရာတွေနဲ့ ဖြတ်သန်းနေခဲ့ရပါတယ်။ အဲ့ဒီ တုန်းက ကျနော်ဟာ သူတို့လိုချင်တဲ့ အစ်ကိုကြီး မဖြစ်ခဲ့ပါဘူး။ ကျနော်ဟာ ဘောလုံးလည်း မကစားချင်ခဲ့သလို၊ ကွင်းထဲမှာလည်း ရှိမနေချင်တော့ပါဘူး။ ဘောလုံးလောကကနေလည်း မထွက်ခွာချင်ခဲ့ပါဘူး။ အနားယူဖို့ လိုအပ် ခဲ့တာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လင်ဂတ်ဟာ နည်းပြဟောင်း ဆိုးလ်ရှား လက်ထက်မှာ နေရာရခဲ့ပေမယ့် ယာယီနည်းပြ ရက်ဂ်နစ် လက်ထက်မှာ နေရာ ပျောက်ဆုံးခဲ့ပြီး ပါဝင်ကစားချိန်မှာလည်း ခြေစွမ်းပိုင်း ကျဆင်းခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။

လင်ဂတ်ဟာ ဒီရာသီမှာတော့ နော်တင်ဟမ်ဖောရက်စ်အတွက် ၁၆ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: BBC