CNI Sport News

မန်ချက်စတာ၊ ဇန်နဝါရီ - ၂၀

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောင်းချတော့မယ်လို့ အသင်းပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာမိသားစုက ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက်မှာ အသင်းပိုင်ရှင်သစ်နဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေမှာ ထင်ကြေးပေး ပြောဆိုမှုတွေ များစွာ ပေါ်ထွက်လာခဲ့ပါတယ်။

ဗြိတိန်ဘီလီယံနာ တစ်ဦးဖြစ်သူ ဂျင်မ်ရတ်ကလစ်ရဲ့ ကုမ္ပဏီဖြစ်တဲ့ INEOS ကလည်း ဒီကစားပွဲတွေကို ဝင်ရောက် လာခဲ့ပြီး မန်ယူအသင်းကို ဝယ်ဖို့အတွက် စိတ်ဝင်စားတယ်လို့ အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်း ရဲ့ အနာဂတ်ပိုင်ရှင် ဖြစ်လာသူတွေထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။

မန်ယူအသင်းကို ၀ယ်ချင်နေတဲ့ ဂျင်မ်ရတ်ကလစ်ကို တွေ့ရစဉ်

ဂျင်မ်ရတ်ကလစ်
***************
ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ကာလရှည် ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဂျင်မ်ရတ်ကလစ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ မန်ယူ အသင်းကို ဝယ်ဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုက အဲ့ဒီအချိန်တုန်းက အသင်းကို ရောင်းဖို့ ငြင်းဆိုခဲ့ပါတယ်။ အင်္ဂါနေ့မှာ တော့ ရတ်ကလစ်ရဲ့ ကုမ္ပဏီက မန်ယူအသင်းကို ပိုင်ဆိုင်ခွင့် ပြိုင်ပွဲထဲ ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။

ဒါဟာ မန်ယူပရိတ်သတ် အများစု ကြားချင်နေတဲ့ သတင်းဖြစ်ပေမယ့် သူဟာ အသင်းရဲ့ အမှန်တကယ် တန်ကြေး ထက် လျှော့ပြီး ဈေးခေါ်မှာကိုတော့ စိုးရိမ်နေမှုလည်း ရှိနေပါတယ်။ ရတ်ကလစ်ဟာ ပြီးခဲ့တဲ့နှစ်မှာ မန်ယူအသင်း ရဲ့ ပြိုင်ဘက် ချဲလ်ဆီးအသင်းကို ဝယ်ဖို့ကြိုးစားခဲ့ပေမယ့် အမေရိကန် ရင်းနှီးမြုပ်နှံမှုအုပ်စုကို အရှုံးပေးခဲ့ရပါတယ်။

အရှေ့အလယ်ပိုင်းမှ ရင်းနှီးမြုပ်နှံသူများ
************************************
အရှေ့အလယ်ပိုင်းက ရေနံသူဌေးတွေဟာ ဘောလုံးအားကစားနဲ့ အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို အဘူဒါဘီ ယူနိုက်တက်အုပ်စုက ပိုင်ဆိုင်ထားသလို ဆော်ဒီရင်းနှီးမြုပ်နှံမှု ရံပုံငွေ အဖွဲ့က နယူးကာဆယ်အသင်းကို ၂၀၂၁ မှာ သန်း ၃၀၀ နဲ့ဝယ်ခဲ့ပါတယ်။

ကာတာအားကစား ရင်းနှီးမြုပ်နှံမှုအဖွဲ့က ပီအက်စ်ဂျီအသင်းကို ပိုင်ဆိုင်ထားတာကြောင့် မန်ယူအသင်းရဲ့ နောက်ထပ် ပိုင်ရှင်အသစ်ကလည်း အရှေ့အလယ်ပိုင်းက သူဌေးတွေ ဖြစ်လာနိုင်တယ်လို့ အသံတွေ ထွက်နေပါတယ်။

ကာတာအားကစား ရင်းနှီးမြုပ်နှံမှုအဖွဲ့ QSI က မန်ယူ၊ စပါးနဲ့ လီဗာပူးလ် တစ်သင်းသင်းကို ဝယ်ဖို့ ပစ်မှတ် ထားနေတယ်လို့ Bloomberg သတင်းမှာ ရေးသားခဲ့ပေမယ့် စပါးဘက်ကတော့ အသင်းကို မရောင်းဘူးလို့ ငြင်းထားပါတယ်။

ဆော်ဒီက မန်ယူအသင်းကို ဝယ်ဖို့ စိတ်ဝင်စားနေတယ်လို့ အားကစားဝန်ကြီးက အတည်ပြုထားကြောင်း Sky Sports သတင်းမှာ ဖော်ပြထားပြီး အမေရိကန်နှင့် အာရှဘက်က ရင်းနှီးမြုပ်နှံသူတွေကလည်း မန်ယူကို ဝယ်ဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ The Times သတင်းမှာ ဖော်ပြထားပါတယ်။

မန်ယူအသင်း ပိုင်ရှင်ကို ထွက်သွားဖို့ ပရိသတ်တွေ တောင်းဆိုနေစဉ်

RED KNIGHTS
***************
အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကိတ်ဟားရစ်၊ စီးပွားရေးပညာရှင် ဂျင်မ်အိုနေးလ်နဲ့ ဗြိတိန်လူမျိုး ရင်းနှီး မြုပ်နှံသူ ပေါ်လ်မာရှယ်တို့ ပါဝင်တဲ့ Red Knights အဖွဲ့ဟာ ၂၀၁၀ မှာ မန်ယူအသင်းကို ဝယ်ဖို့ ကြိုးစားခဲ့ပေမယ့် အမှန်တကယ်ထက် ဈေးပိုများနေခြင်းကြောင့်လို့ဆိုကာ ထိုအစီအစဉ်ကို ရပ်နားခဲ့ပါတယ်။

ဒါ့ကြောင့် အိုနေးလ်တို့ အဖွဲ့အနေနဲ့ မန်ယူအသင်းကို ပြန်ဝယ်ဖို့ စဉ်းစားနေတယ်လို့ Manchester Evening News မှာ ဖော်ပြထားပြီး ဂလေဇာ မိသားစုအနေနဲ့ လက်ရှိ ခေါ်ထားတဲ့ မဖြစ်နိုင်တဲ့ ဈေးနှုန်းထက် လျှော့ပေးမှသာလျှင် အရောင်းအဝယ်ဖြစ်ဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။

BBC က မေးမြန်းခဲ့ရာမှာလဲ မန်ယူအသင်းကို ဝယ်ဖို့အတွက် ပေါင် ၄ ဘီလီယံကျော်သုံးဖို့ တကယ် လိုအပ် သလား မသေချာသေးကြောင်းနဲ့ စောင့်ကြည့်ဖို့ အိုနေးလ်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဂလေဇာ မိသားစုဟာ မန်ယူအသင်းကို ၂၀၀၄ ခုနှစ်မှာ ပေါင် သန်း ၇၉၀ နဲ့အပြီးသတ် လွဲပြောင်းရယူ ခဲ့တာဖြစ်ပြီး အသင်းကိုပေါင် ၄ ဘီလီယံ ရရင် ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

Source: CNA