CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

ဘရာဇီးလ်အသင်းဟာ ပရီးမီးယားလိဂ် ကစားသမားတွေ အများအပြား ပါဝင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဘရာဇီးလ်နည်းပြ တိုင်တီဟာ လူစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ခဲ့တဲ့ လူစာရင်းမှာ တော့ လီဗာပူးလ် တိုက်စစ်မှူး ဖာမီနို၊ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်လ်နဲ့ ဒဏ်ရာရနေတဲ့ ကော်တင်ဟိုတို့ ချန်လှပ်ခံခဲ့ရတာကို တွေ့ရပါတယ်။

နေမာကတော့ ဘရာဇီးလ်အသင်း လူစာရင်းမှာ အရေးပါတဲ့ ကစားသမားအဖြစ် ပါဝင်နေပြီး နိုင်ငံအတွက် ဆုဖလား ရယူပေးဖို့နဲ့ လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်း လူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ အာဆင်နယ်က ဂျီးဆပ်စ်နဲ့ မာတင် နယ်လီ၊ ချယ်လ်ဆီးက သီယာဂိုဆေးလ်ဗား၊ ယူနိုက်တက်က ကတ်စမဲရိုး၊ ဖရက်နဲ့ အန်တိုနီ၊ လီဗာပူးလ်က ဖာဘင်ဟိုနဲ့ အလီဆန်၊ မန်စီးတီးက အီဒါဆန်၊ စပါးက ရစ်ချာလီဆန်၊ နယူးကာဆယ်က ဘရူနိုဂွီမာရေ့စ်နဲ့ ဝက်စ်ဟမ်းက ပတ်ကွီတာတို့ ပါဝင်ခဲ့ကြပါတယ်။

ဘရာဇီးလ်အသင်း လူစာရင်းမှာ မပါ၀င်ခဲ့တဲ့ ဂါဘရီရယ်လ်၊ ဖာမီနို၊ ကော်တင်ဟိုတို့ကို တွေ့ရစဉ်

အန်တိုနီနဲ့ ဘရူနိုဂွီမာရေ့စ်တို့ဟာ ဘရာဇီးလ်အသင်းရဲ့ လူစာရင်း ကြေညာတာကို မိသားစုနဲ့အတူ ကြည့်ရှုနေခဲ့ ကြတာ ဖြစ်ပြီး သူတို့ နာမည်ပါဝင်ချိန်မှာ အလွန်ပျော်ရွှင်နေတာကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။

အသက် ၃၉ နှစ် အရွယ်ရှိတဲ့ ဘာစီလိုနာ နောက်ခံလူဟောင်း ဒန်နီအဲလ်ဗက်စ်ကလည်း ဘရာဇီးလ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အခြား ကစားသမားတွေအဖြစ် ဂိုးသမား ဝီဗာတန်၊ နောက်ခံလူတွေအဖြစ် ဒန်နီလို၊ ဆန်ဒရို၊ တဲလက်စ်၊ ဘရီမာ၊ မီလီတာအိုနဲ့ မာကွင်ဟိုတို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကွင်းလယ်မှာတော့ အဲဗာတန်ရီဘီရို၊ တိုက်စစ်နေရာမှာ ပီဒရို၊ ရာဖင်ဟာ၊ ရိုဒရီဂိုနဲ့ ဗီနီစီးယက်စ်တို့ ပါဝင်လာခဲ့ ကြတာပါ။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု G မှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းဟာ နိုဝင်ဘာလ ၂၄ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail