CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁

အန်သိုနီဂျိုရွှာရဲ့ အဖွဲ့နဲ့ အလုပ်လုပ်ရတာ အလွန်ခက်ခဲတာကြောင့် သူတို့နှစ်ဦးရဲ့ ထိုးသတ်ပွဲဟာ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ တိုင်ဆန်ဗျူရီက ပြောပါတယ်။

တိုင်ဆန်ဗျူရီက “အန်သိုနီဂျိုရွှာနဲ့ ပွဲဖြစ်လာမယ်လို့ ကျနော် မထင်ပါဘူး။ သူတို့နဲ့ တွဲအလုပ်လုပ်ရတာ အလွန် ခက်ခဲပါတယ်။ တစ်စုံတစ်ဦးကို သူတို့ မလုပ်ချင်တဲ့အရာ ခင်ဗျား သွားပြီးလုပ်ခိုင်းလို့ မရပါဘူး။ တခြားသူတွေ မတိုက်ချင်တဲ့ပွဲကို ဖြစ်လာအောင် ခင်ဗျားတို့ လုပ်လို့ မရပါဘူး။ ကျနော့်ဘက်က ဘယ်လောက်ပဲ ထိုးသတ်ချင် စိတ်ရှိပါစေ သူတို့ဘက်က မပါဝင်ရင် ပွဲဖြစ်မှာ မဟုတ်ပါဘူး။ ဒီပွဲကို တကယ် ထိုးသတ်ချင်တဲ့ စိတ်ရှိတယ်ဆိုရင် အဖွဲ့ကို ပြောလိုက်လို့ ရပါတယ်။ မလုပ်ချင်ရင်တော့ အကြောင်းပြချက် သန်းပေါင်းများစွာ ရှာနေမှာပါ”လို့ TalkSPORT ကို ပြောခဲ့ပါတယ်။

တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိူရွှာကိုတွေ့ရစဉ် (MMA Fighting)

သူတို့နှစ်ဦးဟာ ဒီဇင်ဘာလ ၃ ရက်မှာ ထိုးသတ်မယ့် ပွဲအတွက် ဆွေးနွေးမှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပေမယ့် ဂျိူရွှာဟာ နောက်ဆုံး သတ်မှတ်ထားတဲ့အချိန်မှာ လက်မှတ်မထိုးလို့ ပွဲပျက်ပြယ်သွားခဲ့ပြီလို့ တိုင်ဆန်ဗျူရီက ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် တိုင်ဆန်ဗျူရီဟာ ချီဆိုရာနဲ့ ဒီဇင်ဘာလ ၃ ရက် စပါးအသင်းရဲ့ ကွင်းမှာ ထိုးသတ် သွားတော့မှာပါ။ ဗြိတိန် ဟဲဗီးဝိတ်ချန်ပီယံဟာ ၂၀၂၃ အစောပိုင်းမှာ အူဆက်ခ်နဲ့ ထိုးသတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

လက်ဝှေ့ ပရိသတ်တွေဟာ ဗြိတိန်လက်ဝှေ့သမား ၂ ဦး ထိုးသတ်မယ့် ဟဲဗီးဝိတ်ပွဲကို ကြည့်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပွဲမဖြစ်ခဲ့လို့ စိတ်ပျက်နေကြပါတယ်။

တိုင်ဆန်ဗျူရီကတော့ ဒီပွဲဟာ အနာဂတ်မှာလည်း ဖြစ်ဖို့ မရှိနိုင်တော့ဘူးလို့ သူ့ရဲ့ ခံစားချက်ကို ပြောပါတယ်။ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်ကလည်း တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိူရွှာတို့ ပွဲဟာ ဖြစ်လာနိုင်ဖို့ မရှိတော့ဘူးလို့ ပြောပါ တယ်။

တိုင်ဆန်ဗျူရီဟာ ၂၀၂၃ ထဲမှာ အူဆက်ခ်အပြင် ဂျိုးဂျွိုက်စ်နဲ့လည်း ထိုးသတ်ဖို့ စီစဉ်နေပြီး သူ့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Source: Metro