CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁

ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်လက်ရွေးစင်အသင်းကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တောင်းဆိုမှုတွေ ရှိနေပါတယ်။

အီရန်ဘောလုံးနဲ့ အားကစားဆိုင်ရာ အဖွဲ့အစည်းတစ်ခုဟာ အီရန်ဘောလုံးအသင်းကို ပိတ်ပင်ဖို့ ဖီဖာထံ တရားဝင် တောင်းဆိုစာ ပေးပို့ခဲ့ပါတယ်။

အီရန်မှာ အမျိုးသမီးတွေ ကွင်းအတွင်း ဝင်ရောက်တာကို ရပ်တန့်ဖို့ အစိုးရက ဝင်ရောက် စွက်ဖက်နေပြီး ဖီဖာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါ အဖွဲ့အစည်းက “ ဖီဖာရဲ့ ကြားနေရေးဟာ ရွေးချယ်စရာ မဟုတ်ဘူး”လို့ ပြောပါတယ်။

အီရန်နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြင်းထန်စွာ နှိပ်နင်းနေချိန် အခုလို တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း Open Stadiums အမည်ရှိ လူ့အခွင့်အရေးအဖွဲ့အစည်းက ဒီလိုပဲ အလားတူ တောင်းဆိုမှုကို ပြုလုပ်ခဲ့ပါသေးတယ်။

အီရန် အမျိုးသမီးပရိသတ်များကိုတွေ့ရစဉ် (DW)

အီရန်မှာ အမျိုးသားတွေ ယှဉ်ပြိုင်နေတဲ့ အားကစားကွင်းတွေမှာ အမျိုးသမီးတွေ ဝင်ရောက်တာကို တရားဝင် တားမြစ် ထားခြင်းမရှိပေမယ့် မကြာခဏ ဝင်ခွင့် ငြင်းပယ်ခံရတယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖီဖာကလည်း အခုနှစ် အစောပိုင်းမှာ အမျိုးသမီးတွေကို အားကစားကွင်းထဲဝင်ဖို့ အီရန်အာဏာပိုင်တွေထံ စာရေး သား တောင်းဆိုခဲ့ပြီးနောက် အီရန်လိဂ် ပွဲစဉ်တွေမှာ အမျိုးသမီးအချို့ဟာ ရွေးချယ်ထားတဲ့ ပွဲစဉ်တွေကို တက် ရောက် ကြည့်ရှုခွင့် ရခဲ့ပါတယ်။

စပိန်ဥပဒေကုမ္ပဏီတစ်ခုက ပံ့ပိုးကူညီပေးထားတဲ့ အဖွဲ့ဟာ ဒီလိုတူညီတဲ့ ချိုးဖောက်မှုတွေကြောင့် အခြား နိုင်ငံ တွေကိုလည်း အရင်က ဆိုင်းငံ့ပိတ်ပင်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

“ဖီဖာကောင်စီက အီရန်ကို အခုချက်ချင်း ပိတ်ပင်ရမှာပါ။ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးကို ကျင့်သုံးဖို့ အမျိုးသမီးတွေ၊ အားကစားသမားတွေနဲ့ ကလေးတွေကို နှိပ်စက်ညှင်းပန်းနေတဲ့ နိုင်ငံကို ဖီဖာက ပါဝင်ယှဉ်ပြိုင်ခွင့် မပြုသင့်ပါဘူး”လို့ အဆိုပါအဖွဲ့အစည်းက ပြောခဲ့တာပါ။

အီရန်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: BBC