CNI International News

အဘူဒါဘီ၊ စက်တင်ဘာ ၃

ပြီးခဲ့သည့် ဧပြီလ ရမ်ဇာလန်ဘာသာရေးကာလ ဆော်ဒီအာရေဗျနိုင်ငံတွင် မူးယစ်ဆေးစွဲသူတစ်ဦးက နေအိမ်ကို မီးတင်ရှို့ပြီး မိသားစုဝင် ၄ ဦးကို သေဆုံးစေခဲ့သည့်ရာဇဝတ်မှုကို မီဒီယာများ၌ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

ထိုဖြစ်စဉ်၌ ကျူးလွန်သူသည် မူးယစ်ဆေးဝါး မက်သာဖက်တမင်းအနွယ်ဝင် ရှာဗူး (shabu) အလွန်အကျွံ စွဲလန်း သူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကားလျက် အရှေ့အလယ်ပိုင်းဒေသတွင်းရှိ သတင်းစာများက ရေးသားခဲ့ကြသည်။

ဆော်ဒီအာရေဗျနိုင်ငံရှိ မီဒီယာများတွင် မူးယစ်ဆေးသုံးစွဲ ထူပြောလာခြင်းအကြောင်း သတိပေးနှိုးဆော်ခဲ့ကြပြီး ဆော်ဒီသို့ မူးယစ်တင်ပို့ရောင်းချမှုသည် အခြားစစ်ပွဲများထက် ပိုမိုအန္တရာယ်ကြီးကြောင်း ဆောင်းပါးရှင်က ထောက်ပြခဲ့သည်။

ရီယာ့ဒ်မြို့တော်ရှိ ဂိုဒေါင်တစ်ခုထဲမှ အဖက်တမင်းဆေးပြား ၄၇ သန်းနီးပါးကို ဂျုံမှုန့်တင်ပို့ကုန်များကြားထဲတွင် ရောနှောဝှက်ထားခဲ့ရာမှ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နိုင်ငံ၏သမိုင်းတွင် တရားမဝင်ဖမ်းဆီးရမိမှု အများဆုံး ပမာဏဖြစ်ကြောင်း ဩဂုတ် ၃၁ ရက်တွင် ကြေညာခဲ့သည်။

ယင်းသို့ စံချိန်တင်ဖမ်းဆီးရမိမှုသည် အရှေ့အလယ်ပိုင်း၏ မူးယစ်ဆေးဝါးဆုံချက်မြို့တော်အဖြစ် ဆော်ဒီအာရေဗျ ၏ ကြီးထွားလာမှု၊ ဆီးရီးယားနှင့်လက်ဘနွန်တို့မှ မှောင်ခိုသမားများအတွက် အရေးပါသည့်နေရာဖြစ်လာမှုတို့ကို ပြသနေခဲ့သည်။

ဆော်ဒီအာရေဗျ တပ်ဖွဲ့ဝင်များမှ သင်္ဘောဖြင့်တင်ဆောင်လာသည့် ကုန်ပစ္စည်းများထဲမှ မူးယစ်ဆေးဝါးများကို ရှာဖွေနေစဉ်(ဓါတ်ပုံ-Assad Hanna/Twitter)

ဩဂုတ် ၃၁ ရက် စစ်ဆင်ရေးသည် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွင် အကြီးဆုံးမှောင်ခိုလုပ်ငန်း ကြိုးပမ်းမှုတစ်ရပ် ဖြစ်ကြောင်း ဆော်ဒီမူးယစ်ထိန်းချုပ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောသည်။

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသည့်နေရာကို ဆော်ဒီအာဏာပိုင်များက အတိအကျမထုတ်ဖော်ခဲ့ပေ။

မူးယစ်နှင့်မှုခင်းဆိုင်ရာကုလသမဂ္ဂရုံး (UNODC) ၏မက်သာဖက်တမင်းဖမ်းဆီးရမိမှု အစီရင်ခံစာတွင် ယင်း မူးယစ်ဆေးများသည် ကက်တဂွန် (Captagon) အမှတ်တံဆိပ်ပါ ဆေးပြားများဟူ၍ ရေးသားဖော်ပြခဲ့သည်။

ကက်တဂွန်သည် မူလက စိတ်ကြွစေသည့်ဓါတုပစ္စည်း ဖန်နက်ဖလိုင်း (fenethylline) ပါဝင်သော ဆေးဖက်ဝင် အမျိုးအမယ်များအတွက် အမှတ်တံဆိပ်အမည်ဖြစ်သည်။

ထိုဓာတုပစ္စည်းများကို ယခုအခါ တရားဝင်မထုတ်လုပ်တော့သော်လည်း ဆေးဝါးအတုများကို အရှေ့အလယ်ပိုင်းမှ ပုံမှန်ဖမ်းဆီးရမိနေကြောင်း ဥရောပမူးယစ်စွဲလန်းမှုအခြေအနေစောင့်ကြည့်ဌာနထံမှ သိရသည်။

ယခုသီတင်းပတ်အစောပိုင်းတွင်လည်း အိုမန်ပင်လယ်ကွေ့ရှိ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှ ဒေါ်လာသန်းနှင့်ချီ၍ တန်ဖိုးရှိသည့် မက်သာဖက်တမင်းဆေးပြား ၃၂၀ ကီလိုဂရမ်နှင့် ဘင်းစ်ကီလိုဂရမ် ၃၀၀၀ နီးပါးကို အမေရိကန် ကမ်းခြေစောင့်ရေတပ်သင်္ဘောက သိမ်းဆည်းရမိခဲ့သည်။

Source: CNN