CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၃၁

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ဆောင်ရွက်နေရာ သြဂုတ် ၃၀ ရက် ည ၈ နာရီမှ သြဂုတ် ၃၁ ရက်နေ့ ည ၈ နာရီအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ နမူနာစုစုပေါင်း ၃၉၂၈၉ ခုအား စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၃၉၉ ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိရာ သြဂုတ် ၃၀ ရက်နှင့် သြဂုတ် ၃၁ ရက်အတွင်း စစ်ဆေးမှုတွင် ကိုဗစ်အတည်ပြုလူနာသစ် ၃၃၉၉ ဦးတွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၁၀၂ ဦးရှိကြောင်း ဆိုသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲ နမူနာစုစုပေါင်း ၃ သန်းကျော်(၃,၆၁၄,၁၀၁)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း လူဦးရေ ၃ သိန်းကျော် (၃၉၉,၂၈၂ ဦး)ရှိပြီ ဖြစ်ကြောင်း၊ ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂၆၉၀ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း လူဦးရေ ၃ သိန်းကျော် (၃၅၁,၃၇၂ ဦး) ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၀၂ ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၅၃၈၉ ဦးရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်ကို သတ်မှတ်ထားသလို စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားပြီး လူစုလူဝေးများ ရှောင်ရှားရန် ထုတ်ပြန် ကြေညာထားသည်။


အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကလည်း လူစုလူဝေများ အများပြည်သူအလုပ်ပိတ်ရက် အဖြစ် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်နေ့အထိ ခြောက်ကြိမ်မြောက် သတ်မှတ်ပေးကာ ထုတ်ပြန်ထားသည်။


ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးပေးနိုင်ရေး ဆောင်ရွက်နေပြီး လက်ရှိတွင် လူဦးရေ ၄ သန်းကျော် ကို ထိုးနှံပေးထားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။