CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၁
လက်ရှိ ကျရောက်လျက်ရှိသော ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း COVID-19 ရောဂါ ခံစားနေရသော မြန်မာပြည်သူ များ၏ အသက်များကို ကယ်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက COVID-19 လူနာများအား အရေးပေါ် သယ်ယူ ပို့ဆောင် ရာတွင် အထောက်အကူ ပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံတဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ လူနာ တင်ယာဉ်များ ပေးပို့လှူဒါန်းခဲ့သည်။

အဆိုပါ လူနာတင်ယာဉ်များကို COVID-19 လူနာများအား ကုသပေးနေသော ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေ ဆေးရုံကြီး၊ ဝေ‌‌‌ဘာဂီ အထူးကုဆေးရုံ (ကူးစက်)၊ မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီး၊ လွိုင်ကော် အထွေထွေရောဂါ ကုဆေးရုံကြီး၊ မုံရွာ အထွေထွေရောဂါကု ဆေးရုံကြီး၊ ပဲခူး အထွေထွေရောဂါကု ဆေးရုံကြီး၊ ပြည် အထွေထွေ ရောဂါကု ဆေးရုံကြီး၊ မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး၊ စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီး၊ လားရှိုး အထွေထွေ ရောဂါကု ဆေးရုံကြီး၊ ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးတို့တွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲ စစ်ဆေး ထုတ်ပြန်ချက်များအရ သြဂုတ်လအတွင်း ရောဂါပိုး ကူးစက်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိနေပြီး COVID-19 လူနာသစ်နှင့် သေဆုံးသူဦးရေ နေ့စဉ်မြင့်တက်နေမှုကို ကြုံတွေ့နေရသော မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်း၊ ဆေးရုံများတွင် လူနာတင်ကုတင်များ လုံလောက်မှု မရှိခြင်း နှင့် အောက်ဆီဂျင် ပြတ်လပ်မှုများကြောင့် ရောဂါဖြစ်ပွားမှုမှာ ပိုမိုဆိုးရွားစေလျက်ရှိသဖြင့် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်သည် ဟု ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံက လှူဒါန်းသည့် လူနာတင်ယာဉ်များ၏ ကုန်ကျငွေအတွက် ယမန်နှစ်က စတင် အကောင်အထည်ဖော်ခဲ့သော (အမေရိကန် ဒေါ်လာ ၅ ဒသမ ၁၈ သန်းတန်ဖိုးရှိ) ကျန်းမာရေးထောက်ပံ့မှုအစီအစဉ်မှ တစ်စိတ်တစ်ပိုင်းအဖြစ် ထုတ်ယူသုံး စွဲခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများသည် မြန်မာပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်သွားမည် ဖြစ်ပြီး ဂျပန် နိုင်ငံသည် မကြာမီ ပေးအပ်တော့မည့် Oxygen Concentrator များ အပါအ၀င် မြန်မာပြည်သူများ လိုအပ်နေသည့် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမှန်တကယ် လိုအပ်နေသော ပြည်သူများထံ အထောက်အပံ့များ တိုက်ရိုက် ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်သည့် မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် တက်ကြွစွာ ပံ့ပိုးကူညီသွားမည့် မူဝါဒကို ကိုင်စွဲထားကြောင်း ဂျပန်သံရုံးကဆိုသည်။

#ဂျပန်သံရုံး

#လူနာတင်ယာဉ်

#လှူဒါန်း

#မြန်မာ

#ကျန်းမာရေးဌာန

#ကိုဗစ်၁၉

#ကာကွယ်ရေး

#CNImyanmar

#cninews

#ChannelNewsIndependent