CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၃

နစက၏ ညွှန်ကြားချက်နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဆေးဝါးများကို သီးသန့်ဂိုဒေါင်များဖြင့် သိုလှောင်ထားသော တာမွေ၊ ဗိုလ်တထောင်၊ စမ်းချောင်း၊ လမ်းမတော်၊ ပန်းပဲတန်းနှင့် မင်္ဂလာတောင်ညွှန့် မြို့နယ်များရှိ ဆေးဂိုဒေါင် ၂၄ ခုကို ပထမ အသုတ် အနေနှင့် ဩဂုတ်လ ၁၁ ရက်က ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးဂိုဒေါင် ၉ ခုမှာ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားကြောင်း တွေ့ရသောကြောင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာ ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သည်။

ထိုပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆေးဂိုဒေါင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်များရှေ့တွင် ဂိုဒေါင်လက်ကျန် စာရင်းကောက်ယူခြင်း၊ ကုန်ပစ္စည်းအဝင်/ အထွက် စစ်ဆေးခြင်း၊ ခွင်ပြုချက် လိုင်စင် ရှိ/မရှိ၊ ယခင်က ဆေး ပစ္စည်းများ တင်သွင်းရောင်းချခြင်း သို့မဟုတ် ယခုကာလမှသာ ဈေးကွက်အတွင်းမှ ဝယ်ယူ သိုလှောင်ခြင်း၊ ထိန်းချုပ်ချုပ်ခြင်း သို့မဟုတ် အမြတ်ကြီးစား ရောင်းချရန် ရည်ရွယ်သိုလှောင်ခြင်း ရှိ/မရှိတို့ကို ဖော်ထုတ် ဆေးခဲ့ခြင်းဖြစ်ကြောင်း နစက-က ဖော်ပြထားသည်။

ထိုသို့ ပထမအသုတ်အဖြစ် ဩဂုတ်လ ၁၁ ရက်က စစ်ဆေးခဲ့ရာတွင် ဆေးဂိုဒေါင် ၉ ခုမှာ ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ် ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူတင်သွင်းသည့် အထောက်အထားများ တင်နိုင်မှုမရှိခြင်း၊ သိုလှောင်ထားသည့် ပမာဏ များပြားသဖြင့် ဈေးကစားရန် ရည်ရွယ်ချက်နှင့် သိုလှောင်ထားခြင်းများ တွေ့ရှိရသောကြောင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဟု ဆိုသည်။

ပူးပေါင်းစစ်ဆေးရေး အဖွဲ့တွင် ပါဝင်သူ အရာရှိတစ်ဦးက “ကျနော်တို့က ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှာပဲ ပါတယ်။ ပိတ်တဲ့ဟာ တွေကတော့ တိုင်းအစိုးရဘက်ကို မေးမှ ရမယ်။တချို့ဟာတွေကို ဘာကြောင့် ပိတ်လဲမသိဘူး။ ဆေးဆိုင်တွေ ပြည်သူတွေ ဆေးဝယ်နေတဲ့ ဆိုင်တွေ မထိခိုက်အောင် ဆေးဆိုင်တွေကို မပိတ်ပဲနဲ့ သူတို့ဖြန့်ဖြူးနေတဲ့ဟာတွေ ပုံမှန်ဖြန့်ဖြူးအောင်လို့ ဂိုဒေါင်တွေကို စိစစ်တယ်။ ဒီနေရာသွားပြီး စိစစ်ပါဆို သွားစိစစ်လိုက်တာ အဲလိုပဲ ရှိတယ်။ ကျန်တာတော့ တိုင်းအစိုးရ စီမံ တာ”ဟု CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။

လက်ရှိတွင် အရေးယူဆောင်ရွက်မည့် ဆေးဂိုဒေါင် ၉ ကို မည်သည့်ဥပဒေ ပုဒ်မနှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သွားမည် ကို ပြောဆို၍ မရသေးကြောင်း တိုင်းအစိုးရက တိုက်ရိုက် စီမံဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ပုံမှန်ရောင်းချလျက်ရှိသော ဂိုဒေါင်များကို ဆေးဝါးဈေးနှုန်းများ မြင့်မားစေရန် ဈေးကွက်အတွင်း ဆေးဝါးများ ဖြန့်ဖြူးမှု ထိန်းချုပ်ခြင်း မပြုရန်၊ အမြတ်ကြီးစား ရောင်းချခြင်း မပြုရန် သတိပေးပြီး ခံဝန်ကတိ လက်မှတ် ရေးထိုးခိုင်းမည် ဖြစ်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ တင်သွင်းဖြန့်ဖြူးရောင်းချသော ကုမ္ပဏီများကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း ပြုမည် မဟုတ်ကြောင်း နစက-က ကြေညာထားသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်ကလည်း အိမ်သုံးဆေးဝါးများ သိုလှောင်ထားသည့် ဂိုဒေါင် ၁၉ လုံးကို ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံ စိစစ်လျက် ရှိနေကြောင်း သိရသည်။

#နစက
#ဆေးဂိုဒေါင်
#သိုလှောင်ထား
]#ဈေးကစား
#ရည်ရွယ်ချက်ရှိရှိ
#အရေးယူမည်
#ပူးပေါင်းအဖွဲ့
#တိုင်းအစိုးရ
#မြန်မာနိုင်ငံ
#ရန်ကုန်
#ပြည်သူလူထု
#CNImyanmar
#cninews
#ChannelNewsIndependent