CNI International News

လန်ဒန်၊ ဖေဖော်ဝါရီ ၂၁

ဗြိတိန်ဘုရင်မ အဲလိဇဘတ်(၂)ထံတွင် ဖေဖော်ဝါရီ ၂၀ ရက်က Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အအေးမိသည့် အပျော့စား ရောဂါလက္ခဏာများ ခံစားနေရကြောင်း ဘာကင်ဟမ်နန်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

၎င်းသည် ရှေ့ဆက်ရမည့် လုပ်ငန်းဆောင်တာများ အစီအစဉ်ရှိသေးကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။
အသက် ၉၅ နှစ်အရွယ် ရှိနေပြီဖြစ်သည့် ဘုရင်မထံတွင် ရောဂါပိုး တွေ့ရခြင်းအတွက် ဗြိတိန်နိုင်ငံရေး အသိုင်းအဝိုင်းက စိုးရိမ်ခဲ့ကြပြီး ကျန်းမာပါစေကြောင်း ဆန္ဒပြုခဲ့ကြသည်။

အဲလိဇဘတ်(၂)သည် ဗြိတိန်၏ နန်းသက်အရှည်ကြာဆုံး ဘုရင်မတစ်ပါးဖြစ်ပြီး ယခု ဖေဖော်ဝါရီ ၆ ရက်တွင် နန်းစံသက် နှစ်ပေါင်း ၇၀ သို့ ရောက်ခဲ့ပြီဖြစ်ပြီး ထိုနေ့သည့် ခမည်းတော်ဂျော့ဘုရင်(၆) ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ဘုရင်မသည် လာမည့် ဧပြီလ ၂၁ ရက်တွင် အသက် ၉၆ နှစ် ပြည်တော့မည်ဟု သိရသည်။

ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ပြီး ကိုယ်ခံစွမ်းအား ကောင်းမွန်နေဆဲ ဘုရင်မသည် လာမည့် သီတင်းပတ်များ၌ ဝင်ဆာရဲတိုက်တွင် ပင်ပင်ပန်းပန်းမဟုတ်သည့် ပေါ့ပေါ့ပါးပါး တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဘာကင်ဟမ်းနန်းတော်၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အဲလိဇဘတ်ဘုရင်မကြီးကိုတွေ့ရစဉ်(AP)

“၎င်းသည် ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး သင့်တင့်လျောက်ပတ်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်အားလုံးကို လိုက်နာ သွားမည်”ဟု ဘာကင်ဟမ်နန်းတော် ထုတ်ပြန်ချက်ကို ကိုးကားလျက် အေပီက သတင်းဖော်ပြသည်။

ဗြိတိန်နိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူများအပေါ် ယခုသီတင်းပတ်၌ အင်္ဂလန်နယ်မြေအတွက် ကန့်သတ်ချက်များကို ရုတ်သိမ်း ရန် စီစဉ်ထားသော်လည်း ဗြိတိန်အစိုးရက အနည်းဆုံး ၅ ရက် သီးသန့်ခွဲခြားနေထိုင်ရန် လိုအပ်နေသေးကြောင်း လမ်းညွှန် ထားသည်။

ဘုရင်မ၏ သားအကြီးဆုံး အိမ်ရှေ့စံမင်းသား ချားလ်စ် အသက် ၇၃ နှစ်နှင့် ချွေးမတော် ကန်မီလာ အသက် ၇၄ နှစ်တို့သည် လည်း ယခုလ အစောပိုင်းတွင် ကိုဗစ်ကူးစက်ခံခဲ့ရသည်။ ယခုအခါ ချားလ်စ်မင်းသားသည် ၎င်း၏ လုပ်ငန်းဆောင်တာများ ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်သည်။
ဘုရင်မ ခေတ္တစံမြန်းလေ့ရှိသည့် ဝင်ဆာရဲတိုက်ရှိ ဝန်ထမ်းများကြားတွင် လတ်တလော ဗိုင်းရပ်စ်ကူးစက်မှု အမြောက်အမြား ရှိနေကြောင်း မီဒီယာများက ခန့်မှန်းရေးသားနေကြသည်။

ဘုရင်မကို ကုသရန် ဗြိတိန်နိုင်ငံ၌ ခွင့်ပြုထားသည့် ဗိုင်းရပ်စ် ပိုးသတ်ဆေး တစ်မျိုးမျိုးကို ပေးနိုင်ဖွယ်ရှိကြောင်း East Anglia တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပေါလ်ဟန်တာက ပြောသည်။

Source: AP