CNI International News

လီလွန်ဂွါ၊ ဖေဖော်ဝါရီ ၁၈

မာလဝီနိုင်ငံ၏မြို့တော် လီလွန်ဂွါရှိ ကလေးငယ်တစ်ဦးထံတွင် တောရိုင်းပိုလီယိုဗိုင်းရပ်စ်ပိုး (wild polio) တွေ့ရှိခဲ့ပြီးနောက် အာဖရိကတိုက်တွင် ၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးပိုလီယီုရောဂါဖြစ်ပွားမှုဖြစ်ကြောင်း ၎င်းအစိုးရက ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

လီလွန်ဂွါမြို့ရှိ ကလေးငယ်ထံတွင် တွေ့ရှိရသော ရောဂါပိုးသည် ပါကစ္စတန်တွင် ပျံ့နှံ့နေသော ဗိုင်းရပ်စ်ပိုး တစ်မျိုးနှင့် ဆက်စပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံမှ ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ချက် တစ်စောင် ထွက်ရှိလာခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် အာဖရိကတိုက်၌ တောရိုင်းပိုလီယိုကင်းစင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုတွေ့ရှိရသော ရောဂါသစ်သည် ယခင်အခြေအနေအပေါ် သက်ရောက်မှုမရှိကြောင်း WHO က ဆက်လက် ပြောကြားခဲ့သည်။

“ကမ္ဘာ့ဘယ်နေရာမှာမဆို တောရိုင်းပိုလီယိုရှိနေသရွေ့ကာလပတ်လုံး နိုင်ငံတိုင်းအတွက် ဗိုင်းရပ်စ်ပျံ့နှံ့ဖို့ အန္တရာယ် ရှိနေပါတယ်။ မာလဝီမှာ ပိုလီယိုတွေ့ပြီးတဲ့နောက်မှာ ပျံ့နှံ့နိုင်ခြေကို တားဆီးဖို့ အရေးပေါ်အစီအမံတွေ လုပ်ဆောင်နေပါတယ်” ဟု အာဖရိကရေးရာ WHO ၏ဌာနေညွှန်ကြားရေးမှူး ဒေါက်တာမက်ရှီဒီဆိုမိုတီက ပြောကြားခဲ့သည်။

WHO အနေဖြင့် မာလဝီရှိ ကျန်းမာရေးအာဏာပိုင်များထံသို့ ရောဂါပိုးအန္တရာယ်အကဲဖြတ်ခြင်းနှင့် ဖြစ်ပွားခြင်း အပေါ် တုံ့ပြန်မှုများ ဆောင်ရွက်ပေးနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာပိုလီယိုတိုက်ဖျက်ရေး (GPEI) အမြန်တုံ့ပြန်မှု အဖွဲ့ဖြင့် ဖြန့်ကြက်လုပ်ဆောင်ပေးနေကြောင်း သိရသည်။ ထိုလုပ်ငန်းစဉ်များ၌ ဖြည့်စွက်ကာကွယ်ဆေးထိုး ပေးခြင်းလည်း တိုးမြှင့်ခဲ့သည်။

“အာဖရိကမှာ ပိုလီယိုဗိုင်းရပ်စ် နောက်ဆုံးဖြစ်ပွားမှုကို ၂၀၁၆ ခုနှစ်မှာ နိုင်ဂျီရီးယားမြောက်ပိုင်းမှာ တွေ့ခဲ့ရပါ တယ်။ အဲဒီနောက် တကမ္ဘာလုံးဖြစ်ပွားသူအနေနဲ့ ၂၀၁၂ ခုနှစ်တုန်းကဆိုရင် ၅ ဦးပဲ ရှိပါတော့တယ်။ ဒီ ဗိုင်းရပ်စ်ပိုး က ဘယ်နေရာမှာပဲ တွေ့တွေ့ သိသာထင်ရှားပါတယ်။ မာလဝီနိုင်ငံမှာ အခုရောဂါဆိုင်ရာတုံ့ပြန်မှုကို ပံ့ပိုးနိုင်ဖို့ လိုအပ်တာတွေ စုဆောင်းသွားမှာပါ” ဟု WHO ဒေသဆိုင်ရာရုံးမှ အာဖရိကပိုလီယိုညှိနှိုင်းရေးမှူး ဒေါက်တာ မိုဂျီရွမ်နုတ်တက်ဘီက ပြောကြားခဲ့သည်။

ပိုလီယိုရောဂါပိုးသည် ညစ်ညမ်းသော ရေ (သို့မဟုတ်) အစားအစာမှတဆင့် ကူးစက်လေ့ရှိပြီး အလွန် ပြင်းထန် သော‌ရောဂါတစ်မျိုးဖြစ်သည်။ လူ့အာရုံကြောစနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး နာရီပိုင်းအတွင် လေဖြတ်ခြင်း ဖြစ်ပေါ်စေနိုင်သည်။

Source: Aljazeera