CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

တရုတ်နိုင်ငံ ဝမ်တိန်ရှိ ချန်ဟော့သစ်သီးရောင်းကွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ထိုရောင်းကွင်းရှိ လူများအား ဆေးစစ်ရန် ယာယီ လော့ခ်ဒေါင်း ချထားကြောင်း မူဆယ်ရှိ သစ်သီးကုန်သည်များထံက သိရသည်။

လက်ရှိ လော့ခ်ဒေါင်းချထားခြင်းသည် မည်သည့် အချိန်ကာလအထိ ကြာမြင့်မည်ကို မသိရသေးဘဲ အဆိုပါ ဆေးစစ်မှုတွင် ကိုဗစ်ပိုးတွေ့ရှိသူများ ထပ်မံရှိလာပါက လော့ခ်ဒေါင်း (lock down) ရက်ရှည်ချမှတ်သွားမည်ကို သစ်သီး ကုန်သည်နှင့် တောင်သူများက စိုးရိမ်မှုများရှိနေကြသည်။

စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံမှ နန်းခမ်းခင်က “လော့ခ်ဒေါင်းချလိုက်ခြင်းက သူက အဝင်အထွက်တွေ ပိတ်ထား လိုက်တယ်လေ။ အဲ့ထဲမှာရှိတဲ့သူလည်း အပြင်ထွက်လို့မရ၊ အပြင်ကရှိတဲ့လူလည်း အထဲဝင်လို့မရဆိုတော့ ခဏတော့ ရပ်တန့်သွားမယ့်သဘောရှိတယ်။ သူက ဘယ်လိုမှန်းကိုမသိဘူး။ ပုံမှန်မဟုတ်တဲ့ ကူးသန်းရောင်းဝယ် မှုကြီးမှာ အစကတည်းက ဒီကူးသန်းရောင်းဝယ်ဖို့က သတိနဲ့လုပ်ဆောင်ဖို့လည်း မှာကြားထားပြီးပြီပေါ့။ ဒီလိုမျိုး တွေဖြစ်လာတယ်ဆိုတော့ ဒါက ဆုံးရှုံးနစ်နာမှုက ပိုများလာနိုင်တာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုသစ်သီးရောင်းကွင်းတွင် ယခင်က သစ်သီးများ၌ ကိုဗစ်ပိုးတွေ့ရှိမှုများရှိခဲ့ပြီး ပိုးတွေ့သည့် သစ်သီးများအား မြေမြှုပ်ပစ်လိုက်ခြင်းမျိုးလုပ်ဆောင်ကြောင်း၊ လက်ရှိ ကိုဗစ်ပိုးတွေ့ရှိမှုမှာ ရောင်းကွင်းရှိ လူတစ်ဦးတွင် တွေ့ရှိခြင်းဖြစ်ကြောင်း ဝမ်တိန်ရောက်ဂိတ်မှူး ကိုအောင်ရဲကျော်က CNI သို့ ပြောသည်။

အခြားကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲ စသည့် ကုန်ပစ္စည်းများသည် သိုလှောင်ထား၍ရပြီး သစ်သီးများမှာ ပုပ်သိုးလွယ်သဖြင့် ယခုကဲ့သို့ ပြန်လည်ဖြစ်ပေါ်လာခြင်းသည် သစ်သီးကုန်သည်နှင့် တောင်သူများအတွက် ရိုက်ခတ်မှုကြီးနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။

လက်ရှိတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသည် ယခင် ကိုဗစ်လှိုင်းများကြောင့် ပိတ်ထားရာမှ အခုတခါ တဖြည်းဖြည်းချင်း ပြန်လည်လုပ်ကိုင် သွားလာနေခြင်းသာဖြစ်ပြီး မြန်မာဘက်မှ ကုန်သည်များ၊ တောင်သူများ၊ အလုပ်သမားများအတွက် အဆိုပါ ကုန်သွယ်မှုများ ရပ်တန့်သွားမည်ဆိုပါက ပို၍ ဒုက္ခရောက် နိုင်သည်ဟု ကုန်သည်များက ပြောဆိုသည်။

ဝမ်တိန်ရောက်ဂိတ်မှူး ကိုအောင်ရဲကျော်က “အခုဖွင့်ထားတာလည်း ကြီးတယ်။ အခုဖွင့်ထားတာက ဘယ်လို ပြောရမလဲ ဝင်လို့မရတာတွေရှိတယ်လေ။ ဝင်လို့မရဘူးဆိုတာက ကြန့်ကြာနေတာပေါ့။ ကားလုံလောက်မှု မရှိတာပေါ့။ ဒီဘက်ကနေ ပိုဆိုးတာက စနစ်က သူတို့ တရုတ်ကားနဲ့ပဲ သွား တရုတ်ကားနဲ့ပဲ ဝင် စနစ်ဖြစ်နေတာ။ အဲ့ဒီမှာ သူတို့ ကုမ္ပဏီက ကားတွေပဲ အဓိက အဝင်အထွက်ပိုကောင်းနေတာပေါ့ အသီးက။ အဝင်အထွက် ကောင်း တော့ ကျန်တဲ့ပြင်ပကုန်သည်တွေ၊ ကားမရှိတဲ့သူတွေကျတော့ နစ်နာတာပေါ့ အသီးကုန်သည်တွေကျတော့။ ဟိုကနေတက်လာတယ်။ ဒီရောက်မှ ကားရှာလို့မရ။ ရှာလို့မရတော့ အဲ့မှာရက်တွေကကြာ။ ကားတွေက အခုဆိုရင် သိန်း ၁၀၀ ကျော်သွားပြီ။ ၃ သောင်းခွဲဆိုလို့ရှိရင် သိန်း ၁၂၀ လောက်ဖြစ်သွားပြီ။ အဲဒါပေးထားပြီး တော့လည်း ဒီဘက်မှာ ဝင်တာတွေက ၁၀ ရက်လောက်ကြာတယ်။ ဒီဘက်ရောက်တော့ ဖယ်ပစ်ရတာ လွှင့်ပစ် ရတာ။ အခုလည်း ဆုံးရှုံးမှုတွေဖြစ်နေတာပဲ”ဟု ပြောသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံ၌ ပြည်တွင်းကိုဗစ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာနေသည့်အတွက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုရှိလာမည်ကို ကုန်သည်များက စိုးရိမ်လျက်ရှိကြသည်။

သို့သော် တရုတ်ဘက်မှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအား ယခင်ကဲ့သို့ ပိတ်ထားရန်မှာ မသေချာကြောင်း၊ လက်ရှိ တွင် နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကျယ်ဂေါင်အား မကြာခင်ဖွင့်လှစ်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။