CNI International News
ပါရီ၊ ဇန်နဝါရီ ၈
အိုမိုက်ခရွန်မျိုးကွဲ လျင်မြန်စွာ ပျံ့နှံ့မှုကြောင့် ကမ္ဘာတလွှား မှတ်တမ်းတင်ထားသည့် Covid-19 ရောဂါ ဖြစ်ပွားသူပေါင်း ဇန်နဝါရီ ၇ ရက်တွင် သန်း ၃၀၀ ကျော် သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် Channel News Asia က ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် ၇ ရက်အတွင်း ဥရောပ ၁၈ နိုင်ငံနှင့် အာဖရိက ၇ နိုင်ငံ အပါအဝင် အပတ်စဉ် ကူးစက်မှုအများဆုံး ၃၄ နိုင်ငံတို့မှ တရားဝင် ထုတ်ပြန်သည့် စာရင်းများနှင့် အေအက်ဖ်ပီ သတင်းဌာန၏ တွက်ချက်မှုတို့အရ Covid-19 ဖြစ်ပွားသူပေါင်း သန်း ၃၀၀ ကျော်သွားပြီဟု အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
အိုမိုက်ခရွန်သည် ယခင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲထက် ပိုမိုကူးစက်မြန်သော်လည်း ယခင်ဖြစ်ပွားမှုများကဲ့သို့ ပြင်းထန်စွာ ဖျားနာနိုင်ခြေ နည်းပါးသည်။
ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်တည်းမှာပဲ အိုမိုက်ခရွန်ဖြစ်ပွားမှု ၁၃ ဒသမ ၅ သန်းဖြင့် ၆၄ ရာခိုင်နှုန်းတိုးလာပြီး ကမ္ဘာ့စံချိန် တင်ခဲ့သော်လည်း တကမ္ဘာလုံး သေဆုံးမှုနှုန်းကို ကြည့်လျှင် ပျမ်းမျှ ၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း တွေ့ရသည်။
ပုံ-ကိုဗစ်ကာကွယ်ဆေး ထိုးရန်ပြင်ဆင်နေစဉ်။(Xinhua)
အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် အစ္စရေးတို့မှ အချက်အလက်များကို ကိုးကား၍ ဆေးရုံတက်ကုသနိုင်ခြေ ၇၀ ရာခိုင်နှုန်း နည်းပါးကြောင်း ပြင်သစ်နိုင်ငံမှ ပြည်သူ့ကျန်းမာရေး အာဏာပိုင်အဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
သို့သော်လည်း တကမ္ဘာလုံး ပျမ်းမျှ ကူးစက်မှုအသစ် ၂ သန်းအထိ နေ့စဉ် တွေ့နေရဆဲဖြစ်၍ ထိုနှုန်းသည် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို လွှမ်းခြုံခြိမ်းခြောက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
“ဆေးရုံတက်သည့် လူနာများပြားနေဆဲဖြစ်ပြီး သေဆုံးသူများ ရှိနေခြင်းကြောင့် အိုမိုက်ခရွန် အပျော့စားဟု မသတ်မှတ် သင့်ကြောင်း” ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တီဒရော့စ် အက်ဟာနွန် ဂျီဘရီယဲ့ဆပ်စ် (Tedros Adhanom Ghebreyesus) က ပြောကြားခဲ့သည်။
ပုံ- ကိုဗစ်ကာကွယ်ဆေးထိုးနေစဉ်။ (GETTY IMAGES)
“တကယ်တော့ ဆူနာမီလှိုင်းလုံးလိုမျိုး ဖြစ်ပွားမှုတွေ အင်မတန်ကြီးမားပြီး မြန်လွန်းတာမို့ ကမ္ဘာတဝန်းက ကျန်းမာရေး စနစ် တို့ကို လွှမ်းခြုံခြိမ်းခြောက်နေတုန်းပါ” ဟု ၎င်းက ရှင်းပြသည်။
အိုမိုက်ခရွန် ပျံ့နှံ့မှုကို ပြီးခဲ့သည့် သီတင်းပတ် ၆ ပတ်က ပိုမိုတွေ့ရှိရပြီးနောက် နိုင်ငံအများအပြားတွင် ကာကွယ်ဆေး ထပ်မံ ထိုးနှံရန် ခက်ခဲလာခဲ့ပြီး ကန့်သတ်ချက်များ ပြန်လည်ချမှတ်ရန် လှုံ့ဆော်သည့် နိုင်ငံများလည်း ရှိခဲ့သည်။
၎င်းနိုင်ငံအတွင်းရှိ အဖျော်ယမကာဆိုင်များနှင့် စားသောက်ဆိုင်များသို့ ဝင်ရောက်ခွင့်ကို ကာကွယ်ဆေး အပြည့်ထိုးပြီးသူများ (သို့မဟုတ်) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာသူများအတွက်သာ ကန့်သတ်ထားပြီး ပိုးကင်းစင်ကြောင်း စစ်ဆေးမှုရလဒ် အထောက်အထားပြသကြရန် ဇန်နဝါရီ ၇ ရက်တွင် ဂျာမန်ဝန်ကြီးချုပ် အိုလာရှော့ဇ်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ဂျာမနီ၏ အိမ်နီးချင်းဖြစ်သော ဩစတြီးယားနိုင်ငံတွင်လည်း အဓိပတိ(ဝန်ကြီးချုပ်) ကားလ်နီဟမ်းမား သည် Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
Source: AFP, Channel News Asia