CNI International News

နယူးယောက်၊ နိုဝင်ဘာ ၁၅

အမေရိကန်နိုင်ငံ၊ နီဘရာစကားပြည်နယ်၊ လင်ကွန်းမြို့ရှိ တိရစ္ဆာန်ရုံတွင် Covid-19 ဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ကြောင့် ရှားပါးလှသည့် နှင်းကျားသစ် ၃ ကောင် သေဆုံးခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဝက်ဘ်ဆိုက်ကို ကိုးကား လျက် todayonline.com က ရေးသားဖော်ပြထားသည်။

အဆိုပါ နှင်းကျားသစ် ၃ ကောင်ထံတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိရပြီးနောက် တိရစ္ဆာန်ရုံ ဝန်ထမ်းများက ပြန်လည် ကျန်းမာစေရန် ကြိုးပမ်းခဲ့ကြသော်လည်း လက်လျှော့ခဲ့ရကြောင်း ထိုတိရစ္ဆာန်ရုံက နိုဝင်ဘာ ၁၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

ကလေးသူငယ်များအတွက် ဦးစားပေး ဖွင့်လှစ်ထားသည့် လင်ကွန်းမြို့ တိရစ္ဆာန်ရုံ၌ ရန်နေး၊ ဧဝရတ်နှင့် မာကာလူဟူ၍ နာမည် အသီးသီးပေးထားသည့် နှင်းသစ်ကျားသစ် ၃ ကောင် သေဆုံးခဲ့ရခြင်းအတွက် နှမြောတသစွာဖြင့် ၎င်းတိရစ္ဆာန်ရုံ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် လွှင့်တင်ကြေညာခဲ့သည်။

ထို့နောက် “ တိမ်းပါးသွားရှာတဲ့ နှင်းကျားသစ်လေးတွေဟာ ကျနော်တို့ တိရစ္ဆာန်ရုံအတွင်းနဲ့ အပြင်မှာရှိတဲ့ ကျနော်တို့ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ကြင်နာသနားမှုဖြစ်ပါတယ်” ဟု ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

“ဒီဆုံးရှုံးမှု တကယ့်ကို ကြေကွဲစရာကောင်းပါတယ်။ ကျနော်တို့အားလုံး အတူတကွ ကြေကွဲရပါတယ်” ဟု အဆိုပါ တိရစ္ဆာန်ရုံ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဆက်လက်ရေးသားထားသည်။

ပုံ-နှင်းကျားသစ်ကိုတွေ့ရစဉ်။

အဆိုပါ နှင်းကျားသစ်များသာ တိရစ္ဆာန်ရုံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း မဟုတ်ဘဲ ဆူမတြား ကျားများလည်း အလားတူ ပိုးတွေ့ခဲ့ရကြောင်း စမ်းသပ်သိရှိရသည်ဟု ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်က ကြေညာခဲ့သည်။

တိရစ္ဆာန်အချို့တွင် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများ တွေ့ရှိရပြီးနောက် ၎င်းတို့၏ နှာခေါင်းတို့ဖတ်နှင့် မစင်နမူနာများကို အဆိုပါ တိရစ္ဆာန်စောင့်ရှောက်သူများက ယူဆောင်၍ ဓါတ်ခွဲစမ်းသပ်ခဲ့ကြသည်။ နှင်းကျားသစ်များနှင့် ကျားများကို ဆင့်ပွား ကူးစက်မှု တားဆီးနိုင်ရန် ဓါတုဆေးဝါးနှင့် ပဋိဇီဝဆေးဝါးများကို တိုက်ကျွေးကုသခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားသော်လည်း ၎င်းတိရစ္ဆာန်များကို ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်း ရှိ/မရှိ ထည့်သွင်းရေးသားထားခြင်း မရှိပေ။

ယခုနှစ် နွေရာသီတွင် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ရှိ တိရစ္ဆာန်ဆေးဝါးကုမ္ပဏီ Zoetis က ထုတ်လုပ်သည့် တိရစ္ဆာန် များနှင့် သင့်လျော်သည့် ကိုဗစ်ကာကွယ်ဆေး စတင်ဖြန့်ဖြူးခဲ့သည်။

အမေရိကန် ကူးစက်ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC)က လူများကို ကူးစက်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်သည် တိရစ္ဆာန်များအတွက် အသက်အန္တရာယ်နည်းပါးကြောင်း ယူဆထားသော်လည်း လူမှတဆင့် တိရစ္ဆာန်များဆီသို့ ကူးစက် ခြင်း များ လက်တွေ့အားဖြင့် ရှိခဲ့ပြီး တိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များအကြား ကိုဗစ်ဖြစ်ပွားပုံကို ကမ္ဘာတဝန်း မှတ်တမ်း တင်ထား ကြသည်။

လင်ကွန်းမြို့ရှိ တိရစ္ဆာန်ရုံသည် ကလေးသူငယ်အတွက် ဦးစားပေး ဖွင့်လှစ်ပေးထားပြီး တိရစ္ဆာန်များကို အနီးကပ် ကြည့်ရှုနိုင် အောင် အန္တရာယ်ကင်းစွာ စီမံပေးထားလျက် မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်မျိုးစိတ် ၄၀ ကျော် အပါအဝင် စုစုပေါင်း အကောင်ရေ ၄၀၀ ကျော် မွေးမြူပြသထားကြောင်း သိရသည်။  

Source: todayonline.com