CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၅
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို တရုတ်နိုင်ငံသို့ မှာယူထားရာ ယခုလ (ဇူလိုင်လ) စတုတ္ထအပတ်နှင့် သြဂုတ်လထဲမှာ စုစုပေါင်း ကာကွယ်ဆေး (၆)သန်း မြန်မာပြည်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ကာကွယ်ဆေး အရေအတွက် (၄)သန်းအနက် ယခုနှစ် ဇူလိုင်လ စတုတ္ထ ပတ်တွင် (၁)သန်းနှင့်သြဂုတ်လ ပထမအပတ် တွင်(၃)သန်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ လှူဒါန်းသည့် ကာကွယ်ဆေး(၂)သန်းသည်လည်း သြဂုတ်လအတွင်း ရောက်ရှိလာမည်ဟု အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“အရေအတွက် စုစုပေါင်း(၆)သန်းကို ဦးတည် အုပ်စုများနှင့် ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားသည်၊ ကရင်ပြည်နယ် မြဝတီလမ်းကြောင်း မှ အောက်ဆီဂျင်အရည်(Liquid Oxygen)များ ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ မည်ဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဘက်မှလည်း နေ့စဉ် တင်သွင်းနိုင်ရန် စီစဉ်ထား ရှိပြီး ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂိလဆေးရုံများနှင့် ပြည်သူများလိုအပ်လျက်ရှိသည့် နေ့စဉ် အောက်ဆီဂျင်လိုအပ်ချက်အား ဖြည့်တွင်း ပေးနိုင်ရေး ဆောင်ရွက်ထားသည်”ဟု ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့နောက် ကိုဗစ်-၁၉ အတည်ပြုလူနာများ တိုးမြှင့်ထားရှိနိုင်ရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လူနာခုတင် များ ထပ်မံတိုးချဲ့သွားနိုင်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်သွားမည်ဟု အဆိုပါ ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။
တရုတ်သံရုံးကလည်း မေလတွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံး ရေ (၅)သိန်း ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး ကာကွယ် ဆေးထိုးနှံနိုင်ခဲ့ကြောင်း၊ ယခုအခါ တရုတ်အစိုးရသည် မြန်မာ နိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၂)သန်း ထပ်မံ ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။
“တရုတ်နိုင်ငံသည် ကာကွယ်ဆေးကုမ္ပဏီများကို သက်သာသော ဈေးနှုန်း၊ အမြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံသို့ ကာကွယ် ဆေး ထောက်ပံ့ပေးရန်လည်း တက်တက်ကြွကြွ တွန်းအား ပေးထားပါသည်၊ မြန်မာနိုင်ငံမှ ဝယ်ယူသည့် Sinovac ကာ ကွယ်ဆေး အလုံးရေ(၂)သန်းသည်လည်း ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်”ဟု တရုတ်သံရုံးက ဆိုသည်။
ထို့နောက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အရေးပေါ်လိုအပ်ချက်များနှင့် ပေါင်းစပ်၍ မြန်မာဘက်သို့ အသက်ရှူစက်၊ အောက်ဆီဂျင်စက်၊ နှာခေါင်းစည်း စသည့် ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ မြန်ဆန်စွာ ထောက်ပံ့ပေးမည်ဖြစ် ကြောင်း၊ ယူနန်ပြည်နယ်မှ အထူးလမ်းကြောင်း သီးသန့်ဖွင့်လှစ်၍ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ မြန်မာနိုင်ငံ သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်အောင် အာမခံပေးပါသည်ဟုလည်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ တတိယလှိုင်း၌ အောက်ဆီဂျင် လိုအပ်မှု အခက်အခဲများဖြစ်နေ သကဲ့သို့ ကာကွယ်ဆေးထိုးနှံရေး အခက်အခဲများ ဖြစ်ပွားနေ သည်။
ဇူလိုင်လ ၁၃ ရက် ည ၈ နာရီမှ ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁၃၅၂)ခုကို စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀၈၃)ဦး တွေ့ရှိပြီး သေဆုံးသူ ၁၄၅ ဦးရှိကြောင်း၊ ယနေ့ အချိန် စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂ သိန်းကျော် (၂၀၈၃၅၇ ဦး)ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ကိုဗစ်ကာကွယ်ဆေး
#၆သန်းရောက်မည်
#ဇူလိုင်လနှင့်သြဂုတ်လအတွင်း
#တရုတ်
#တရုတ်မှမြန်မာဝယ်ယူ
#Sinovac
#အောက်ဆီဂျင်
#ကျန်းမာရေး
#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ကိုဗစ်ကာကွယ်ဆေး ဇူလိုင်လနှင့်သြဂုတ်လအတွင်း ၆ သန်း မြန်မာပြည်သို့ရောက်မည်
- By CNI
- Category: ကျန်းမာရေး
- Hits: 841