CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၅

မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိပါးစေသည့်အတွက် အခကြေးငွေယူ၍ ညစ်ညမ်းဓာတ်ပုံများ အပါအဝင် ဗွီဒီယိုများ တင်နေခြင်းကြောင့် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ကို ဖမ်းဆီးကာ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း MRTV ရုပ်မြင်သံကြားကနေ နစက-က သတင်းထုတ်ပြန်သွားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် လိင်အသားပေး မော်ဒယ် ရှင်ယွန်းမြတ်၏ ချိတ်ဆက်ပေးမှုနှင့် အမေရိကန်နိုင်ငံမှာ နေထိုင်သည့် မစ္စတာ ရာဖယ်လ် ဦးစီးလုပ်ကိုင်လျက်ရှိသော ညစ်ညမ်းဝက်ဆိုက်ဖြစ်သည့် Exantria Website မှ အခကြေးငွေ ရယူ၍ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ တင်ရန် သင်ဇာဝင့်ကျော်အမည်ဖြင့် အကောင့်ဖွင့်ခဲ့ကြောင်း၊ ထို့နောက် Website မှာ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ တင်ခဲ့ကြောင်း ဖော်ပြသွားသည်။

MRTV ရုပ်မြင်သံကြားက  “  သင်ဇာဝင့်ကျော်ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ အဲဒီ Website မှာ လိင် အသားပေး ဓာတ်ပုံနဲ့ ဗွီဒီယိုများအား အခကြေးငွေ ရယူပြီး ပို့စ်တင်ခဲ့ကြောင်း။ ရရှိတဲ့ အခကြေးငွေများအား Website မှ ၂၅ ရာခိုင်နှုန်းနဲ့ ပို့စ်တင်သူမှ ၇၅ ရာခိုင်နှုန်း ခွဲဝေ ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်၊ အလားတူ နန်းမွေစံဟာ ၂၀၂၀ ပြည့် နှစ်၊ စက်တင်ဘာလခန့်မှာ အိန္ဒိယနိုင်ငံထုတ် အလှကုန်ပစ္စည်း ရောင်းဝယ် ရေး လုပ်ကိုင်နေသူ မစ္စကူးမားရဲ့ ချိတ်ဆက်ပေးမှု အရ Exantria Website ပိုင်ရှင် မစ္စတာရာဖယ်လ်နဲ့ ရင်းနှီးခဲ့ကြောင်း” ကြေညာသွားခဲ့သည်။

သင်ဇာဝင့်ကျော်ကိုတွေ့ရစဉ်

ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ မစ္စတာရာဖယ်လ် ဦးစီးဖွင့်လှစ်ပေးတဲ့ Only Fan Website မှာ လိင် အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများအား အခကြေးငွေ ရယူပြီး ပို့စ်တင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မှစကာ မစ္စတာ ရာဖယ်လ်နှင့် ထပ်မံချိတ်ဆက်၍ Exantria Website သို့ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ ထပ်မံ ပေးပို့ကာ ပို့စ်တင်ခဲ့ကြောင်း၊ Website မှ ရရှိသည့် အခကြေးငွေများအား ပို့စ်တင်သူမှ ၇၀ ရာခိုင်နှုန်းနှင့် Website မှ ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း သတင်းကြေညာသွားခဲ့သည်။

အဆိုပါ လုပ်ဆောင်မှုများကြောင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ ကမ္ဘာ့အလယ်မှာ အထင်အမြင် သေးစေနိုင်သည့်အတွက် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ကို အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

နန်းမွေစံကိုတွေ့ရစဉ်

အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ညိုးနွမ်းစေမည့် ကိစ္စမျိုး လုပ်ဆောင်လျက်ရှိသူများအား စိစစ် ဖော်ထုတ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နစကသည် MRTV ရုပ်မြင်သံကြားကနေ သတင်းကြေညာသွားခဲ့သည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)မှာ နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသား ယဉ်ကျေး မှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ ပုဒ်မ ၃၃(က)အရ ပြစ်မှုထင်ရှားပါက မည်သူမဆို ထောင်ဒဏ် အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရ မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။