CNI Entertainment News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

မိန်းကလေးတွေရဲ့အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာ ကတော့ Ramsay Hunt အမည်ရှိတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာကြောင့် သူ့ရဲ့ ဘယ်ဘက်မျက်နှာတစ်ခြမ်းဟာ အကြောဆွဲသလို ဖြစ်သွားတဲ့အတွက် ဖျော်ဖြေပွဲတွေကို ခေတ္တရပ်နားလိုက်ပါတယ်။

ဒီအကြောင်းကိုတော့ ဇွန်လ ၁၁ ရက်နေ့က သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာပါ။

အသက်(၂၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့  ဂျက်စတင် ဟာ Ramsay Hunt ဆိုတဲ့ ရှားပါးအာရုံကြောရောဂါတစ်ခုကို ခံစားနေရပြီး ဒီရောဂါကြောင့် မျက်နှာတစ်ခြမ်း အကြောသေသလို ဖြစ်သွားတဲ့အတွက် နေ့စဉ် စားသောက်တဲ့အခါမှာတောင် အခက်အခဲများစွာ ဖြစ်နေရတယ်လို့ဆိုပါတယ်။

“ ဒီမျက်လုံး က မျက်တောင်ခတ်လို့ မရသလိုပဲ ဒီဘက်ခြမ်းက ကျနော့်မျက်နှာကလည်း ပြုံးလို့မရပါဘူး။ မျက်နှာတစ်ခြမ်းလုံး အကြောဆွဲသွားတာပါ” လို့ ဘီဘာ က သူ့ရဲ့ ဘယ်ဘက်မျက်နှာကို ပြသပြီးတော့ ပရိသတ်တွေကို ပြောဆိုခဲ့တာပါ။

ဂျက်စတင်က “အခုကျွန်တော့်မျက်နှာကို အားလုံးမြင်ရတဲ့အတိုင်းပါပဲ။ ကျွန်တော်ဟာ Ramsay Hunt Syndrome လို့ခေါ်တဲ့ ရောဂါတစ်ခုကို ခံစားနေရပါတယ်။ ဒီဗိုင်းရပ်စ်က ကျွန်တော့်နားထဲက အာရုံကြောနဲ့ မျက်နှာပေါ်က အာရုံကြောတွေကို တိုက်ခိုက်တဲ့အတွက် မျက်နှာက အကြောသေသလို ဖြစ်သွားပါတယ်” လို့ ပြောပါတယ်။

သူဟာ အခုတစ်ပတ်တည်းမှာတင် ဖျော်ဖြေပွဲသုံးခုကို ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။ 

ဒါ့အပြင် သူပြန်ကောင်းလာမှာဖြစ်ကြောင်း၊ မျက်နှာ ပုံမှန် ပြန်ဖြစ်အောင်လို့ မျက်နှာလေ့ကျင့်ခန်းတွေ လုပ်နေကြောင်း၊ အချိန်ကာလ ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်သေးပေမယ့်လည်း အဆင်ပြေမယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ပရိသတ်တွေကို စိတ်မပူအောင် ပြောခဲ့ပါသေးတယ်။

ဂျက်စတင်ရဲ့ဇနီးဖြစ်တဲ့ Hailey ဟာလည်း ပြီးခဲ့တဲ့ မတ်လတုန်းက လေဖြန်းသလို ဖြစ်သွားတာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။

Source-CNA