CNI International News

ဆန်အန်တိုနီယို၊ ဇွန်လ ၂၉

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တွင် ကုန်တင်ယာဉ်ကြီးအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၅၁ ဦးထက် မနည်း သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ပြီးနောက် လူကုန်ကူးမှုဖြစ်စဉ်နှင့် ဆက်စပ်လျက် မက္ကစီကိုနိုင်ငံသားနှစ်ဦးကို အမေရိကန် ဖက်ဒရယ်တရားရုံးက စွဲချက်တင်လိုက်ကြောင်း သတင်းရရှိသည်။

မကြာသေးမီက အဆိုးရွားဆုံး လူကုန်ကူးမှု ဖြစ်စဉ်တစ်ခုအဖြစ် တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ ဆင်ခြေဖုံးတွင် သေဆုံးနေသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့ကို ဇွန်လ ၂၇ ရက်က တွေ့ရှိခဲ့ရသည်။

ထိုအမှုကို စုံစမ်းဖော်ထုတ်ခဲ့ရာ သံသယရှိသူများမှာ ယခင်က အမေရိကန်၌ တရားမဝင် နေထိုင်မှုနှင့် သေနတ် ကိုင်ဆောင်မှု တို့ဖြင့် စွဲချက် အတင်ခံရဖူးသည့် မက္ကစီကိုနိုင်ငံသား Juan Francisco D'Luna-Bilbao နှင့် Juan Claudio D'Luna-Mendez တို့ဖြစ်ကြောင်း တရားရုံး မှတ်တမ်းများအရ သိရသည်။

အခင်းဖြစ်ပွားရာ ကုန်တင်ယာဉ်၏ နံပါတ်နှင့်တကွ ဆန်အန်တိုနီယိုမြို့ လိပ်စာကို စုံစမ်းစစ်ဆေးရေးမှူးများက ခြေရာခံ ထောက်လှမ်းခဲ့ရာ အဆိုပါမက္ကစီကို နိုင်ငံသားနှစ်ဦးကို နေအိမ်မှ ထွက်ခွာစဉ် တစ်ဦးချင်း ဖမ်းဆီးနိုင်ခဲ့သည်။

ကုန်တင်ယာဉ် မောင်းနှင်လာသူကို အမေရိကန်နိုင်ငံသားဟု သိရပြီး တတိယမြောက် သံသယတရားခံအဖြစ် ဖမ်းဆီးနိုင်ရန် မျှော်မှန်းထားသော်လည်း ၎င်းသည် ဇွန်လ ၂၈ ရက် ညနေပိုင်းအထိ ဆေးရုံတစ်ရုံထဲတွင် တိမ်းရှောင်နေကြောင်း မက္ကစီကို နိုင်ငံဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူကုန်ကူးခံရပြီး သေဆုံးသွားသူများ၏ မိသားစု၀င် တစ်ဦး ဆုတောင်းနေစဉ် (News)

အခင်းဖြစ်ပွားစဉ် အဆိုပါကုန်တင်ယာဉ်သည် အပူချိန် ၃၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားနေချိန်၌ ဆန်အန်တိုနီယို မြို့ ဆင်ခြေဖုံးရှိ မီးရထားသံလမ်းဘေးတွင် ထိုးရပ်ထားခဲ့သည်။

ယာဉ်နောက်ကျောရှိ တံခါးကို ဖွင့်ကြည့်ရာ ပိတ်မိ သေဆုံးနေသူများ၏ အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ဒေသန္တရဥပဒေ ဝန်ထမ်းတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ထိတ်လန့်ပြီး ကြေကွဲစရာ ကောင်းကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမေရိကန်-မက္ကစီကို နယ်စပ်ရှိ ရွှေ့ပြောင်း အခြေချနေထိုင်လိုသူ အများအပြားကို အသုံးချ စီးပွားရှာခဲ့သည့် ဒေါ်လာ ဘီလီယံနှင့်ချီသော လူမှောင်ခို ကုန်ကူးသည့် လုပ်ငန်းများကို နှိမ်နင်းသွားမည်ဟု ၎င်းက ကတိပြု ခဲ့သည်။

သေဆုံးသူများထဲတွင် မက္ကစီကိုနိုင်ငံသား ၂၇ ဦး ထက်မနည်း၊ ဂွါတီမာလာနိုင်ငံသား ၃ ဦးနှင့် ဟွန်ဒူးရပ်စ်နိုင်ငံသား ၄ ဦးတို့ ပါဝင်ကြောင်း အဆိုပါနိုင်ငံများမှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

Source: News.com.au