၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈

တွဲကားတစ်စီးကို မြန်မာငွေ သိန်း ၁၀၀ အကုန်ကျခံငှားရသည့် ခေါက်တိုကားများသည် တရုတ်ဘက်မှ မြန်မာဘက်သို့ အဝင်နည်းသည့်အတွက် ကုန်သည်များ ကြီးကြီးမားမား အခက်တွေ့နေကြသည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာမှာ အစားထိုးယာဉ်မောင်းစနစ် (ရှန်တိန်)ကို ကျင့်သုံးလျက်ရှိကြောင်း၊ ခေါက်တိုကား များနှင့် အစားထိုး ယာဉ်မောင်းအများစုသည် တရုတ်နိုင်ငံဘက်မှဖြစ်ကြောင်း သိရသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “အထွက်မှာလည်း တရုတ်ကပဲ ကိုဗစ်ရောဂါကို စစ်ဆေးတယ်။ စာရွက်စာတမ်းတွေ တောင်းတယ်။ တအားကြန့်ကြာမှုတွေ ရှိလာတယ်။ တရုတ်ပြည်ကထွက်တဲ့ ကားကလည်းနည်းတယ်။ ဗမာပြည်ကနေ တရုတ်ပြည်ထဲကို ဒီနေ့ အစီး ၄၀ ဝင်သွားတယ်။ တရုတ်ပြည်က အစီး ၃၀ လောက်ပဲ ပြန်ထွက်တယ်။ အဲ့အ စီး ၃၀ ကလည်း ဖရဲသခွားတင်တာနဲ့ လုံးဝကုန်သွားရော။ တရုတ်ကကား လာမှတင်ရတာဆိုတော့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ က လည်း အမျိုးမျိုးကြိုးစားပြီး ဆောင် ရွက်ပေးပါတယ်။ ဒါပေသိ ဒီကားငှားတဲ့ ကားရှားပါးတဲ့ ပြဿနာကိုကတော့ ဘယ်လိုမှ သူတို့လည်း မရှင်းပေးနိုင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆို ဗမာကားတွေ ဝင်လို့မရလို့။ ဗမာကားတွေ ဝင်လို့ရရင်တော့ သူ့နည်း သူ့ဟန်နဲ့ ရှင်းလို့ရပြီ”ဟု CNI သို့ ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှထွက်သည့် ကားများနှင့် တရုတ်မှထွက်သော ကားများအား ညီတူမျှတူ သတ်မှတ် ထားသော်လည်း တရုတ်ဘက်မှ လက်ဝါးကြီး အုပ်ထားသည့်ဂိတ်ရှိ ကုမ္ပဏီကားများသာ ထုတ်ခွင့်ရကြောင်း၊ တရုတ်ဘက်မှ ကားများထွက်ခွင့်ရသည့်အခါမှာ တန်းစီးစနစ်ဖြစ်သည့်တိုင် ပိုက်ဆံပေး၍ အလှည့်ကျော်ထွက်သောကြောင့် မြန်မာဘက်သို့ ကားအဝင် နည်းခြင်းဖြစ်ကြောင်း သိရသည်။

ထိုအခြေအနေကို မျှမျှတတဖြစ်စေရန် မြန်မာဘက်မှ သေချာ တင်းကြပ်ရန်လိုကြောင်း၊ ယခုအတိုင်း ဆက်သွားပါက မြန်မာ ဘက်မှ ကုန်သည်များသာ အထိအခိုက်များမည်ဖြစ်ကြောင်း ဝမ်တိန်ရောက်ဂိတ်မှူး ကိုအောင်ရဲကျော်က ပြောသည်။

ပုံ-တရုတ်/မြန်မာနယ်စပ် ကုန်သွယ်ရေးကားများကိုတွေ့ရစဉ်။

၎င်းက “ရောဂါအတွက် မဆိုင်တော့ဘူး၊ ပိုက်ဆံရဖို့အတွက် သီးသန့်ကြီး လုပ်ထားသလိုဖြစ်နေတာ။ ရေရှည်ဆိုရင်တော့ ကိုယ့်မြန်မာပဲ အထိအခိုက်များမှာပဲ။ ဒါလည်း ခုလော လောဆယ်က ကားတွေ တင်ကြတယ်၊ ထွက်ကြတယ်ဆိုတာ ရှေ့မှာ (၇)လ၊ (၈)လလောက် ပိတ်မိနေတဲ့ ကုန်တွေရှိတယ်လေ။ အဲ့ဒါတွေအတွက် ဈေးကြီးတွေ ပေးပြီးတင်ကြတာ။ ဂိုဒေါင် လက် ကျန်တွေ အကုန် အပြီးထွက်သွားတဲ့ အခါကျရင်တော့ စနစ်တစ်ခုတော့ ပြန်ပြောင်းမယ်ထင်တာပဲ။ မပြောင်းရင်လည်း အစ်ကိုတို့ ဗမာက သွားပြီ ဘာမှလုပ်လို့ မရတော့ဘူး။ အကုန်လုံးက ခံဘက်ကကြီးပဲ ဖြစ်နေတာ” ဟု CNI ပြောသည်။

လက်ရှိတွင် ဂိတ်ပြန်ပိတ်မည်ကို စိုးရိမ်သောကြောင့် ယခင်က ပိတ်မိနေသည့် ကုန်ပစ္စည်းများကို အလုအယက် တင်နေကြ သည့်အတွက် တင်လိုအားများပြီး ကားအစီးအရေ နည်းသည့်အတွက် ကားခများအား ဈေးပိုပေးပြီး ငှားရမ်းမှုများရှိကြောင်း၊  ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာ စသည့် ကုန်သည်များမှာ ကုန်သိပ်မတင်နိုင်တော့ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။

၎င်းက “အခုဟာကလည်း မမြတ်ဘူး။ ပိတ်မိနေတဲ့ဟာတွေကို တရုတ်ပြည်ထဲ ရောက်အောင်ဆိုပြီးသာ အဲ့ကိစ္စနဲ့ သွားနေရ တာ။ အရင်က ၁၄ သိန်းလောက်ကျတဲ့ စရိတ်က အခု သိန်း ၁၀၀ ကျော်လောက် ကျသွားပြီ။ အဲ့တော့ ဆန်သမားက ဘယ်လို မှ မတင်နိုင်တော့ဘူး။ သိန်း ၁၀၀ ကျော် အကုန်ခံပြီး တင်မယ်ဆို အများကြီးရှုံးသွားမှာ”ဟု CNI သို့ ပြော သည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော် ကုန်သွယ်နိုင်ခဲ့ပြီး ပြီးခဲ့သည့် ကာလတူထက် ဒေါ်လာ ၁၄၀၃ သန်းကျော် လျော့နည်းသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။