CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများအား နှိမ်နင်းရန် ထိုင်းအစိုးရမှ လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြန့်ဝေမှုများကို ဖြတ်တောက်ထားခြင်းကြောင့် ကျားဖြန့်လုပ်ငန်းထက် ဒေသခံလူထုကို ပိုမိုထိခိုက်စေကြောင်း မြဝတီဒေသခံအချို့မှ CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံမှပေးသည့် လျှပ်စစ်မီးများကို မြဝတီဆေးရုံကြီး၊ ဘဏ်လုပ်ငန်းနှင့် အခြား တရုတ်စီးပွားရေး လုပ်ငန်း များကသာ အသုံးပြုကြခြင်းဖြစ်ပြီး ဒေသခံလူထုမှာမူ ဒေသတွင်း လျှပ်စစ်မီးကိုသာ သုံးစွဲကြသဖြင့် ပြဿနာမရှိ ကြောင်း ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ဒေသခံများသည် ထိုင်းဘက်မှ စက်သုံးဆီများကို အားထားနေရသောကြောင့် ယခုကဲ့သို့ ထိုင်းဘက်မှ ပိတ်လိုက်သဖြင့် တစ်လီတာကို ပုံမှန် ၇၀၀၀ ကျပ် ဝန်းကျင်ပေးရသည်မှ ယခုအခါတွင် ၁၅,၀၀၀ ကျပ်အထိ ပေးနေရကြောင်း အလင်းသစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောင်စာဆီ ဖြတ်တောက်တာနဲ့ပတ်သက်ပြီး မြဝတီပြည်သူတွေကတော့ အကုန်လုံးလိုလို အားလုံးပေါ့။ ကျနော်တို့ အပါအဝင် အားလုံး အခက်တွေ့သွားတယ်။ အခက်တွေ့သွားတယ်ဆိုတာက ကျနော်တို့ အဓိကက ထိုင်းဘက်ကမ်းက လောင်စာဆီကိုပဲ အားကိုးပြီး ရပ်တည်နေရတာဆိုတော့ သူတို့ဖြတ်တောက်လိုက်တော့ ဆိုင်တွေမှာ ဆီကို အချိန်ပိုင်းပဲ ရောင်းပေးတယ်။ ရှိတဲ့အချိန်ပေါ့။ မရှိရင်တော့ ဆိုင်ပိတ်ထားတာပေါ့။ ရှိတဲ့အချိန် ရောင်းပေးတဲ့အချိန်မှာ တိုးဝှေ့ပြီး ဝယ်ကြရတာပေါ့။ စက်သုံးဆီကတော့ ပုံမှန်ထက် ဈေးတက်တယ်။ အခုက မြဝတီမှာ မှောင်ခိုဈေးကွက်တစ်ခု ပေါ်လာတာပေါ့ နှစ်ဆလောက်ကို တင်ပြီးတော့ အပြင်ဈေးတွေနဲ့ ရောင်း နေကြတာ။ မြဝတီမြို့ထဲကို တစ်ပိုင်တစ်နိုင်လောက်ပဲ ဝင်တာရှိတယ်။ ဆီဘောက်စာ ကားကြီးတွေနဲ့ ဝင်တာ တော့ မရှိဘူး။ အောက်ကနေတက်တာ ရိုးရိုး ဆီပေပါပေါ့ လီတာ ၂၀၀ ကျော်တွေနဲ့ပဲ ဝင်တာရှိတယ်။ တစ်ပိုင် တစ်နိုင်ကားတွေနဲ့ အပေါ်တင်ပြီး ရောင်းတာမျိုးတွေပဲ ရှိတယ်။ စက်သုံးဆီကတော့ ဒေသခံ ပြည်သူ အားလုံးပဲ ပြောရမှာပေါ့။ ဒုက္ခရောက်နေတာမျိုးတွေ့ရတယ်” ဟု ပြောသည်။
မြဝတီမြို့မှာ စက်သုံးဆီထည့်ရန် စောင့်နေကြစဉ်
အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များအား နှိမ်နှင်းရန် ထိုင်းအာဏာပိုင်များက မြဝတီမြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားခြင်းဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်ဗက်တာ၊ ဆိုလာပြား စသည့် လျှပ်စစ်ပစ္စည်းများ အပါအဝင် ထိုင်းနိုင်ငံ၏ ထုတ်ကုန် ၁၂ မျိုးကိုလည်း မြန်မာပြည်ထဲ တင်ပို့ခွင့်ကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။
လျှပ်စစ်မီးကို ထိုင်းဘက်မှ ဖြတ်တောက် လိုက်သည့်အတွက် မြဝတီဆေးရုံကြီးတွင် အနည်းငယ် ဒုက္ခရောက် သွားစေကြောင်းလည်း ဒေသခံများထံက သိရသည်။
ယခုကဲ့သို့ လျှပ်စစ်မီး ဖြတ်တောက်တာလောက်က ကျားဖြန့်လုပ်ငန်းတွေအတွက် လုပ်ငန်းနှောင့်နှေးသွားစေရုံ ဖြစ်ပြီး လူထုကိုသာ ထိခိုက်စေခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင် က CNI သတင်းဌာနသို့ ပြောသည်။
မြဝတီမြို့မှာ စက်သုံးဆီထည့်ရန် စောင့်နေကြစဉ်
၎င်း “အခုလောလောဆယ် ကျနော်တို့ အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ မထိရောက်သေးဘူး။ လျှပ်စစ်မီးဖြတ် တာတို့က ရေတိုမှာ ကြည့်လိုက်မယ်ဆိုရင် ကျားဖြန့်လုပ်နေတဲ့ လူတွေအတွက်ကတော့ သူတို့ရဲ့ လုပ်ငန်း နည်းနည်း နှောင့်နှေးသွားတာပဲ ဖြစ်လိမ့်မယ် မပျက်ဘူးပေါ့။ ထိသွားတာကတော့ လူထုပဲဖြစ်တယ်ဆိုတာ အားလုံးမြင်နေကြရတာပဲ။ ဒါကြောင့်မို့လို့ မငြိမ်မသက်ဖြစ်အောင် ဆွပေးချင်တဲ့ လူတွေအတွက်ကလည်းအကွက် ကောင်း ဖြစ်တာပေါ့ လူထုက မကျေနပ်တော့။ ဒီကိစ္စကို ထိုင်းဘက်ကို မေးကြည့်တော့ ထိုင်းဘက်ကလည်း ဒါတွေကို သူတို့လည်း မျက်ခြေမပြတ် ကြည့်နေပါတယ်ပေါ့။ မကြာခင်လည်း သူတို့ ပြန်ဆန်းစစ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲသင့်တယ်ဆိုလည်း သူတို့ပြောင်းပါ့မယ်လို့ ပြောတယ်” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနှင့်မြန်မာတို့ ပူးပေါင်း၍ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များအား နှိမ်နင်းရေးကို တင်းကြပ် စွာ ကိုင်တွယ်ဆောင်ရွက်နေသကဲ့သို့ တရုတ်ဘက်မှလည်း ဖိအားပေးမှုများ ရှိနေသည်။
ထို့ပြင် ကျားဖြန့်လုပ်ငန်း၌ ပါဝင်သည်ဟု သံသယရှိသူများကိုလည်း ထိုင်းအရာရှိများမှ စုံစမ်းအရေးယူမှုများ ရှိကြောင်း ထိုင်းသတင်းတွေ၌ ဖော်ပြထားသည်။