CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကို ချိုးဖောက်သည့် YBS ဘတ်စ်ကားများကို အရေးယူပုံ နည်းလမ်းလွဲနေသည်ဟု ယာဉ်လိုင်းပိုင်ရှင်များက ပြောသည်။
ယာဉ်စီးခတိုးကောက်သည့် ယာဉ်လိုင်းနှင့် ယာဉ်နောက်လိုက် ပါဝင်သည့် ယာဉ်လိုင်းများကို အရေးယူ ဒဏ်ခတ်သည့် နေရာ တွင် ယာဉ်မောင်းများကို အရေးမယူဘဲ ယာဉ်ကို အရေးယူခြင်းသည် မှန်ကန်သည့် နည်းလမ်း မဟုတ်ကြောင်း YBS ယာဉ် လိုင်း တာဝန်ရှိသူများက ပြောသည်။
YBS ယာဉ်လိုင်း ကုမ္ပဏီတစ်ခုဖြစ်သည့် GYCT Public Co.,Ltd ၏ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “ကားတွေက အခု ဒီနေ့ဆိုရင် ၁၃၇ စီး လိုင်းပိတ်ပစ်လိုက်ပြီ။ လိုင်းပိတ်လိုက်ပြီးတော့ CNG ကို ထည့်လို့ မရတော့ဘူး။ ပိတ်တဲ့အထဲမှာ ယာဉ်မောင်း မပါ ဘူး။ ကားတွေကို ပိတ်တာ။ ကားကြီးက သူ့ကားပေါ်တက်ရင် ၅၀၀ ပေးပါလို့ အော်တာ မဟုတ်ဘူးလေ။ လူက တောင်းတာ။ အဲတော့ တောင်းတဲ့သူကို အရေးမယူဘဲနဲ့ ဘာမှ စကားမပြောတတ်တဲ့ ကားကြီးကို အ‌ရေးယူတဲ့ခေတ်ကြီးမှာ အဲတော့ ခရီး သည်များ ၁၃၇ စီး ပိတ်လိုက်တာဖြစ်တဲ့အတွက် ဘယ်လိုကားတွေနဲ့ ဆက်ပြီး သယ်ယူပို့ဆောင်ရေး လုပ်မလဲဆိုတာကို သမီး တို့ စောင့်ကြည့်လိုက်ပေါ့ သမီးရယ်။ ဒါတော့ ဦးလည်း မသိဘူး”ဟု CNI သတင်းဌာနသို့ ပြော သည်။
YRTC က ယာဉ်စီးခ တိုးကောက်ခြင်းနှင့် ယာဉ်နောက်လိုက် (စပါယ်ယာ)များ ပါ၀င်နေခြင်းရှိပါက ထိုစည်းကမ်းချိုး ဖောက်သည့် YBS ဘတ်စ်ကားများ အပြင် ယာဉ်မောင်းများကိုပါ အရေးယူမည်ဟု အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။
ထို့နောက် အောက်တိုဘာ ၆ ရက်နေ့တွင် စတင်အရေးယူခဲ့ရာ လက်ရှိအချိန်ထိ ယာဉ်အစီးရေ ၅၀၀ ကျော် အ‌ရေးယူထား ကြောင်း၊ယခင်က စည်းကမ်းမလိုက်နာသည့်အခါ ယာဉ်မောင်းများသာ အရေးယူခဲ့သော်လည်း ယာဉ်လိုင်းပိုင်ရှင်များက အလေးမထားသည့်အတွက် ယာဉ်ကိုပါ အရေးယူခြင်းဖြစ် ကြောင်း YRTC အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
၎င်းက “ယာဉ်မောင်းကို အရေးယူတဲ့အခါ ယာဉ်ပိုင်ရှင်က အခြားယာဉ်မောင်းတစ်ယောက်ကို လုပ်ပြီးတော့ အဲအတိုင်းပဲ အရင်တိုင်းပဲ လုပ်ခိုင်းထားပါတယ်။ သူတို့က ပုတ်ပြတ် ယူပါတယ် ယာဉ်ပိုင်ရှင်တွေက။ ပုတ်ပြတ် တောင်းပြီးတော့ သူတို့ ငွေရဖို့ပဲ လုပ်ပါတယ်။ ကျနော်တို့ စည်းကမ်းတွေကို လိုက်နာဖို့ အလေးမထားပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ခရီးစဉ်မှတ်တမ်း မပါသည့်ယာဉ်များ၊ ယာဉ်နောက်လိုက်နှင့် ယာဉ်စီးခ တိုး ကောက်သည့် ယာဉ်များကို CNG သုံးလပိတ်ခြင်း၊ ယာဉ်စီးခ ၅၀၀ ကောက်ခံသည့် ယာဉ်များကို CNG ခြောက်လပိတ်ခြင်း၊ ယာဉ်စီးခ ၅၀၀ ကျပ်နှင့် ၅၀၀ ကျပ် အထက် တိုးကောက်သည့်အပြင် ယာဉ်နောက်လိုက်ပါသည့် ယာဉ်များကို CNG တစ်နှစ် နှင့် လုပ်ငန်းလိုင်စင် တစ်နှစ် ပိတ် သိမ်းမှုများ စသဖြင့် အရေးယူထားကြောင်း YRTC မှ သိရသည်။
ယခုလို အရေးမှုများသည် ယာဉ်လိုင်းကုမ္ပဏီများနှင့် ယာဉ်မောင်းများ၏ စည်းကမ်းလိုက်နာမှု အား နည်းချက်များဖြစ်၍ ခရီးသည်များ အဆင်ပြေနိုင်ရန်အတွက် သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီများနှင့် တာဝန်ရှိသူများအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ထံ တာဝန်ခံ အစီရင်ခံသင့်သည်ဟု ခေတ်သစ် ဘုရင့်နောင်ယာဉ်လိုင်းဥက္ကဋ္ဌ ဦးဇော်မင်းက ပြောသည်။
၎င်းက“အဓိက ခရီးသည်တွေ အဆင်ပြေဖို့အတွက်ဆိုရင် သက်ဆိုင်ရာ ယာဉ်လိုင်းတာဝန်ရှိသူတွေ၊ ကုမ္ပဏီတွေက သူတို့ ချမှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ YRTC က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအပေါ်မှာ သူတို့ လေးစားလိုက်နာမှု အမှန်တကယ် ရှိပါတယ်လို့ ကုမ္ပဏီက တာဝန်ယူပြီးတော့ ဖြေလျှော့မှု တွေ တောင်းဆိုမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းတွေက အဓိကပဲလေ။ သူတို့ရဲ့ စည်း ကမ်း လိုက်နာမှု အားနည်းချက် ကိစ္စအပေါ်မှာ သူတို့ တာဝန်ခံပြီး လုပ်မယ်ဆိုရင်တော့ သက်ဆိုင် ရာမှာ ဆွဲနေတဲ့ တာဝန်ခံ ယာဉ် လိုင်းတွေ ကုမ္ပဏီတွေကနေတဆင့် YRTC ကို တာဝန်ခံမယ်ဆိုပြီးတော့ လုပ်ပေးနိုင်ရင်တော့ ပိုပြီး အဆင် ပြေတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
စည်းကမ်းချိုးဖောက်သည့် ယာဉ်များကို အရေးယူထားသော်လည်း ခရီးသည်များ အစဉ်ပြေစေရန် ခရီးသည် အရေအတွက် နှင့် ညီမျှသည့် ယာဉ်အစီးရေအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ယာဉ်အစီးရေ ၂၀၀၀ ကျော် နေ့စဉ် ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။