CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ရောင်း၊ ဝယ်၊ လဲလှယ်ခြင်းဈေးနှုန်းအား သတ်မှတ်ချက်ကျော်လွန်ကာ ရောင်းချပါက အရေးယူမည်ဟု နိုဝင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် ဗဟိုဘဏ်အနေဖြင့် အမိန့်ထုတ်ပြီးပါက နောက်ဆက်တွဲကို လိုက်သင့်ကြောင်း ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် Via Logistics and Supply Chain တည်ထောင်သူ ကိုသီဟပိုင်က CNI သတင်းဌာနသို့ သုံးသပ် ပြောဆိုသည်။
““တကယ်တမ်းအလုပ်လုပ်တော့လည်း ကိုယ်အဆင်ပြေသလိုလုပ်ကြရတာပေါ့။ သူ့ဟာသူ ဘယ်လိုပဲ ညွှန်ကြား ချက်စာပဲထုတ်ထုတ်ပေါ့၊ ဒီဘက်မှာက ရောင်းသူနဲ့ဝယ်သူ ၂ ပိုင်းရှိတာကို seller နဲ့ buyer နဲ့ အဆင်ပြေရင် သူ့ ဟာသူ payment တို့ ဘာတို့က သူ့ဟာသူ ညှိနှိုင်းလို့ရတာကိုး။ အဆင်မပြေတော့လည်း ဥပဒေအရ သွားကြရင် တော့ ဒီအမိန့်ညွှန်ကြားချက်ကိုပဲ သွားကြတာပေါ့။ ကျနော်ပြောချင်တာက အမိန့်ကထုတ်ပြီးရင် follow up (နောက်ဆက်တွဲ)လိုက်ဖို့လိုတယ်လေ။ Follow up မလိုက်နိုင်ရင်တော့ ဘာမှမထူးပါဘူး။ ညွှန်ကြားချက်က ညွှန်ကြားချက်ပဲ ဖြစ်နေဦးမှာပေါ့”ဟု ၎င်းက ပြောသည်။
အဆိုပါ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားငွေရောင်းချခြင်း၊ဝယ်ယူခြင်း၊လဲလှယ်ခြင်း ဆောင် ရွက်ရာတွင် CBM Reference Rate ± ဝ.၅ ရာခိုင်နှုန်းဘောင်အတွင်း သတ်မှတ်ရောင်းချရန် ညွှန်ကြားလိုက်ကြောင်းနှင့် သတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းတို့အရ အရေးယူမည်ဟုလည်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းအမိန့်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က “သတ်မှတ်တဲ့ စည်း ကမ်း ဥပဒေတွေရှိပြီးသားပါ။ သူ့ ဥပဒေတွေအတိုင်းပဲ သွားမှာပေါ့။ တစ်အချက်ကတော့ လိုအပ်လို့ ထုတ်တာပေါ့။ နှစ် အချက်ကတော့ စည်းကမ်းဥပဒေတို့ဆိုတာ သူ့ဟာသူ ဝန်ကြီးဌာနတိုင်း ဦးစီးဌာနတိုင်းမှာ သူ့စည်းကမ်းဆိုတာ ရှိတယ်။ သူ့ ဥပဒေဆိုတာရှိတယ်။ ဘာဖြစ်ရင် ဘာ အရေးယူရမယ်ဆိုတာရှိတယ်” ဟု CNI သို့ ပြောသည်။
ထိုညွှန်ကြားချက်သည် ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှစတင်ကာ အကျိုးသက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဗဟိုဘဏ်မှ ထိုကဲ့သို့ ထုတ်ပြန်လိုက်ပြီးနောက် ယနေ့တွင် ငွေလဲလှယ်သူများက ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဈေးအတိုင်း ဘုတ်တွင် တင်ထားကြသည်ကို တွေ့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ စိုးထွန်းက ပြောသည်။
“မပြောင်းရင်အရေးယူမယ်ပြောထားတာ မပြောင်းလို့မှမရတာ။ အရင်က ကျနော်တို့ဆီမှာ ၃ မျိုးလောက် ရှိတာ ကိုး။ cash ငွေသားစျေးက တစ်ဈေး၊ အကောင့်ထဲမှာရှိတာက တစ်ဈေး၊ ပြီးရင် remittance away ပေါ့နော်။ စင်ကာပူတို့ဘာတို့လောက်မှာ ရှိတဲ့ဈေး ၃ မျိုးဖြစ်နေတယ်။ နောက် ဗဟိုဘဏ်က ဈေးကတစ်ခု ၄ မျိုးပေါ့။ အဲဒီ တော့ ဗဟိုဘဏ်ကနေသတ်မှတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ဘုတ်မှာတင်တဲ့ဈေးနဲ့ ဗဟိုဘဏ်ဈေးနဲ့ အားလုံး သွားတူသွားတာ။ တရားဝင်စျေးကတော့ တစ်ဈေးတည်းဖြစ်သွားတာပေါ့”ဟု ပြောသည်။
ထို့အပြင် ဗဟိုဘဏ်အနေဖြင့် ငွေပေးချေမှုများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကုန်ပစ္စည်း ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းများ၊ ဝန်ဆောင်မှုများအတွက် ငွေပေးချေရာတွင် တကြိမ်လျှင် ကျပ်သိန်း ၂၀၀ ထက် မပိုစေရ၊ ထိုပမာဏာထက်ပိုသည့် မည်သည့် ပေးချေမှုများအတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဆောင်ရွက် ရမည်ဟု နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်မှုနှင့်ပတ်သက်၍ ‌‌ဝေဖန်မှုများရှိခဲ့သည်။