CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁

မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများကြားရှိ နယ်စပ်ကုန်သွယ်ရေးများကို မြန်မာ့တပ်မတော်က ထိန်းချုပ်မထားနိုင်ဘဲ ဖြစ်လာနေခြင်းကြောင့် နစကသည် နယ်စပ်ကုန်သွယ်ရေးအား လက်လွတ်လာနေရသည်ဟု စီးပွားရေး လုပ်ငန်း ရှင်များနှင့် နိုင်ငံရေးသမားများက ပြောသည်။

မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေး အဓိက အားထားနေရသည့် နိုင်ငံဖြစ်သော်လည်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးများ ရပ်တန့်နေသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည် ဖွင့်လှစ်နိုင်ရေးကို နစက အနေဖြင့် မလုပ်ဆောင်နိုင်သေးသလို တချို့ သော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအား လက်နက်ကိုင်အဖွဲ့များက စိုးမိုးထားလျက်ရှိနေသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျောက်ရှိ နယ်မြေဒေသများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သိမ်းပိုက်ထားခြင်းကြောင့် နစကအနေဖြင့် နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်ချင်သော်လည်း ဖွင့်လှစ်၍ မရနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့် ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

 မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်

၎င်းက “သူဖွင့်ချင်တိုင်းလည်း ဖွင့်လို့မရဘူးလေ။ တိုင်းရင်းသားနယ်မြေတွေကို သူတို့ အမှန်တကယ် မစိုးမိုးဘူး ဆိုတာကို တဖြည်းဖြည်းနဲ့ ပြနေတာလေ။ အထူးသဖြင့် နယ်စပ်တံခါးပေါက်ဆိုလည်း ရှမ်းပြည်မှာ ဆုတ်ခွာရပြီ၊ အခု ဒီဘက်မှာ မြဝတီဆိုလည်း ထိုင်းနဲ့ ဆက်စပ်တဲ့နေရာမှာ သူတို့ စွန့်ခွာနေရပြီ။ ထိုနည်းလည်းကောင်းပဲ အနောက်ဘက်မှာလည်း အိန္ဒိယနဲ့ ဆက်ဆံနေတဲ့ တံခါးပေါက်။ နောက်ပြီးတော့ ကျနော်တို့ ရခိုင် - ဘင်္ဂလားဒေ့ရှ် ဒီနေရာမှာလည်း စစ်ကောင်စီက လွတ်လွတ်လပ်လပ် ကုန်သွယ်သွားလာ လှုပ်ရှားလို့ မရတော့ဘူး။ သူတို့စိုးမိုး နယ်မြေဆိုတာ မရှိတော့ဘူး အဲဒီအနေအထား ဖြစ်တယ်။ ထိန်းနိုင်စရာ မရှိတော့ဘူး။ အဲဒီတော့ သူလုပ်ချင်တိုင်း လည်း လုပ်လို့ မရနိုင်တော့ဘူး။ အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အပေးအယူ လုပ်မယ်ဆိုတဲ့ အပြောင်းအလဲတစ်ခုကတော့ ပေါ်ကောင်းပေါ်လာနိုင်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ်မှာ တော့ စစ်ကောင်စီကို အသိအမှတ် မပြုဘူးဆိုပေမယ့် သူကတော့ နိုင်ငံတော်ဆိုတဲ့ ယန္တရားထဲမှာ ပါနေတဲ့အတွက် ကြောင့် ဒါကတော့ တစ်ပိုင်းရှိသင့်တယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မူဆယ်၊ ကျင်စန်းကျော့၊ ကြူကုတ် - ပန်းဆိုင်း၊ ချင်းရွှေဟော် စသည့် နယ်စပ်ဂိတ်ပေါက်များနှင့် ကချင်ပြည်နယ် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးတို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့(MNDAA-TNLA-AA)နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့က ထိန်းချုပ်ထားသည်။

ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးသည် တရားဝင် အနေဖြင့် ရပ်တန့်နေပြီး တရားမဝင် မှောင်ခိုလမ်းကြောင်းမှ ကုန်သွယ်ရေးများကတော့ ရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်းကြောင်း တလျောက်ရှိ လမ်း/တံတားများ ပျက်စီးနေသည်ကို ပြန်လည် ပြင်ဆင်ထားမှု မရှိသေးသလို လုံခြုံရေး အာမခံချက် မရှိခြင်းကြောင့် ကုန်သွယ်ရေးလုပ်ရန် မဖြစ်နိုင် သေးကြောင်း မိုင်းလားကုန်သည် ဦးဆန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်လမ်းက နယ်စပ်ကုန်သွယ်ရေးက အခုလက်ရှိက ဖွင့်ဖို့အတွက်က အဓိကပြောရင် မူဆယ်လမ်းပေါ့ နော်။ လက်ရှိက ဖြတ်ရမယ့်နေရာက တအာင်း သိမ်းပိုက်ထားတဲ့နေရာ ရှိတယ်။ MNDAA သိမ်းပိုက်ထားတဲ့နေရာ ရှိတယ်။ ၁၀၅ မိုင်တို့၊ ကြူကုတ် - ပန်ဆိုင်းတို့ကလည်း လက်ရှိ MNDAA အောက်မှာ ရှိတယ်။ အဲဒါကို ဘယ်လို ဖြတ်ကြမလဲ။ ဖြတ်မယ်ဆိုတဲ့ သဘောကလည်း အခွန်က ဘယ်သူ့ဆောင်ရမလဲ။ အဲဒီလိုမျိုး ဖြစ်နေတဲ့အတွက် ကြောင့် ဖွင့်ဖို့အတွက်က နောက်တစ်ခုက ဖွင့်ခဲ့ရင်အုံးတော့ လက်ရှိ ကျင်သီတံတားတို့က လုံးဝ မပြီးသေးဘူးလေ။ အဲဒါတွေလည်း ရှိသေးတယ်။ မပြည့်စုံသေးတဲ့အတွက်က ဖွင့်ခဲ့ရင်တောင်မှ ဘယ်လိုသွားကြမလဲ၊ ဘယ်စနစ်နဲ့ သွားကြမလဲ၊ လက်ရှိ လမ်းတံတားတွေကရော ဘယ်လိုလုပ်ကြမလဲ။ ဒါတွေလည်း ရှိတယ်။ ဒီနေ့ဖွင့် အခု သွားလို့ ရတဲ့ အနေအထား မရှိဘူးလေ”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ထွက်ပေါက်ကိုတွေ့ရစဉ်

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရသည့်အတွက် ကုန်သည်များနှင့် တောင်သူများမှာ ကုန်စည်များ ဈေးကောင်းမရခြင်းအပြင် တခြားသော လမ်းကြောင်းများမှ ကုန်သွယ်နေရခြင်းကြောင့် အရှုံးနှင့် ရင်ဆိုင်နေရ သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိ နယ်စပ်ကုန်သွယ်ရေး ပိတ်သွားတဲ့ဟာကတော့ တရုတ်လမ်းကြောင်း တစ်ခုတည်းကိုပဲ ပြောမယ်။ ကုန်သည်တွေက ပထမ မိုးစိုက်မှာ တောင်သူတွေပေါ့နော် မိုးစိုက်မှာ အသီးဈေးက မကောင်း၊ transportation charges မြင့်တဲ့အတွက်ကြောင့် တပြန်ရှုံးပြီးပြီလေ။ အခု ဒုတိယတစ်ကြိမ်မှာ ထပ်ပြီးတော့ အသီးဈေးက မကောင်း၊ transportation charges က အရင်ထပ် ပိုမြင့်၊ ပြီးရင် ရက်ကြာလာတဲ့အတွက်က ထပ်ရှုံးကြတာလေ။ ဒီနှစ်က ဖရဲ၊ သခွားစိုက်တဲ့ တောင်သူတွေအားလုံးသည် လုံးဝ မြတ်တဲ့သူက ၁ ရာခိုင်နှုန်းပဲ ရှိတယ်။ ရှုံးတာတောင် မှ မနှစ်က မြတ်ထားတာထက်တောင် မကဘူး ရှုံးကြတာပေါ့နော် အဲဒီလောက်ထိကို ဖြစ်တယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ရှမ်းမြောက်ရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ရပ်တန့်နေသည်။ လက်ရှိမှာတော့ ရှမ်းမြောက်ကုန်သွယ်ရေးသည် ရှမ်းအရှေ့သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ဧပြီလ ၈ ရက်နေ့က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ လွယ်ဂျယ်မြို့ကို KIA က အပြည့်အဝ ထိန်းချုပ်လိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးကို စီမံဆောင်ရွက်သွားမည်ဟု ပြောလာသည်။

အလားတူ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလည်း ၂၀၂၁ ခုနှစ်မှစတင်၍ ပိတ်ထားခဲ့ရသည်မှာ ၃ နှစ်နီးပါးရှိလာပြီး ဖြစ်သလို ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသည်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ပိတ်ထားခဲ့ရသည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည်။