၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅

နိုင်ငံ‌ရေးအ‌ပြောင်းအလဲ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဘဏ်များတွင် ငွေထုတ်ရ ခက်ခဲခြင်း၊ ငွေထုတ်ရန် ရာခိုင်နှုန်းတစ်ခုပေး၍ ငွေထုတ်နေရခြင်းနှင့် ငွေသားရှားပါးမှု ပြဿနာတို့သည် လက်ရှိ အချိန်ထိ ပြေလည်မှုမရှိသေးခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်တွေ့နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် Via Logistics and Supply chain တည်ထောင်သူ ကိုသီဟပိုင်က “ကျနော်တို့ အခုလက်ရှိ ပြဿနာတက်နေတာက ဒေါ်လာ မဟုတ်တော့ဘူး။ ကျနော်တို့ ပြည်သူလူထုထဲမှာ လည်ပတ်နေတဲ့ ငွေကြေး ယန္တရားပေါ့နော်။ ဘဏ်မှာ ငွေထုတ်လို့ မရတဲ့ ပြဿနာ အဲဒီ အခြေအနေက ဟိုး အရင်ကတည်းက စလိုက်တဲ့ ဇာတ်လမ်းက အခုထိ မဆုံးသေးဘူး။ လူတွေကတော့ အဲဒါကြီးက ဘာမှ မပြော ကြပေမယ့်လို့ ပျော်နေတာတော့ မဟုတ်ဘူးပေါ့နော်။ အဆင်ပြေနေတာ မဟုတ်ဘူး။ ဒါကလည်း အချိန်အတိုင်း အတာတစ်ခုအထိတော့ သွားအုံးမယ်ထင်တယ်။ အဲဒါ မဖြစ်မချင်းတော့ ကျနော်တို့ စီးပွားရေးတွေက လုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒါ့အပြင် ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ် သိန်း ၂၀၊ ကုမ္ပဏီ/ အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၀ သတ်မှတ်ထားသော်လည်း ရာခိုင်နှုန်းတစ်ခုပေး၍ ထုတ်ယူနေကြရကြောင်း MKT ဆောက်လုပ်ရေး၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ ငွေထုတ်တဲ့အခါမှာ နိုင်ငံတော်က တင်ဒါက ပိုက်ဆံက အကောင့်ထဲပဲ ရောက်တယ်။ အဲဒီ အခါ ကျတော့ ဘာသွားဖြစ်နေလဲဆိုတော့ ငွေထုတ်တဲ့အခါမှာ ကုမ္ပဏီတစ်ခုကို တစ်ပတ် သိန်း ၁၀၀ လို့သာ ပြောတယ်။ တစ်ပတ် သိန်း ၂၀ သိန်း ၅၀ ရအောင်တောင် မနည်းထုတ်နေရတဲ့ ဘဝပေါ့နော်။
တော်တော်ကို ခက်ခက်ခဲခဲ ထုတ်ယူနေရတယ်။ အဲဒီတော့ ကျနော်တို့ လုပ်သားခတွေဆိုရင် ငွေသားနဲ့ ရှင်းရတယ်။ နောက် ပစ္စည်းဝယ်ရင်လည်း ငွေသားပဲ လိုချင်ကြတယ်။ သူတို့လည်း တစ်ဖက်ပြန်ဝယ်တဲ့အခါ ငွေသားနဲ့မှ အဆင်ပြေ တာ။ ငွေသားနဲ့ မဝယ်နိုင်ရင် ရာခိုင်နှုန်းတစ်ခု ပေးရတယ်။ ၅ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်း အဲဒီအခါ ကိုယ့်ငွေ ကိုယ်ပြန်ထုတ်တာကိုပဲ ရာခိုင်နှုန်းတစ်ခု ထပ်ပေးရတော့ ဥပမာ ၁၀၀ မှာ ၇ ရာခိုင်နှုန်း ပေးရတော့ အလိုလို ဘာမှမလုပ်ရဘဲ ၇ ရာခိုင်နှုန်းက ဆုံးရှုံးသွားပြန်ပြီ” ဟု ၎င်းက ပြောသည်။

ဘဏ်မှ ငွေသားရယူနိုင်ရန် ရာခိုင်နှုန်းဖြင့် တရားမဝင် အကျိုးဆောင်ခယူနေခြင်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်မှ ပြောကြားထားသော်လည်း ဘဏ်များတွင် ငွေထုတ်ယူနိုင်ဖို့ ခက်ခဲ နေခြင်းကြောင့် ယခုနည်းဖြင့်သာ အများစုက လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ငွေသားထုတ်ယူသည့်အခါတွင် ရာခိုင်နှုန်းများပေးရခြင်းကြောင့် စီးပွားရေး လုပ်ဆောင်သည့်အခါဖြစ်စေ၊ အရောင်းအဝယ်ပြုလုပ်သည့်အခါဖြစ်စေ ဘဏ်မှ ငွေသားထုတ်ယူရာတွင် ပေးရသည့် ရာခိုင်နှုန်းများကြောင့် မကုန်ကျသင့်သည့် ကုန်ကျစရိတ်များ ဖြစ်ပေါ်နေကြရကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် Shwe Property တည်ထောင်သူ ကိုကောင်းသူဝင်းက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာများ ပြေလည်စေရန် အလို့ငှာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယုံကြည်မှု တည်ဆောက်ရန်လိုအပ်ပြီး ဘဏ်များအနေဖြင့် အာမခံပေးနိုင်မှသာလျှင် ပြေလည်နိုင်မှာဖြစ်ကြောင်း ဦးသီဟပိုင်က ရှင်းပြသည်။

“ပို့ကုန်သွင်းကုန်တွေထက် ပြည်တွင်းဈေးကွက်ကိုပဲ အဆင်ပြေအောင် လုပ်ဖို့ဆိုရင် ဘဏ်စနစ်ကောင်းအောင် ပြန်လုပ်ဖို့လိုတယ်ပေါ့နော်။ ဘဏ်တွေကို မယုံကြည်တဲ့ကိစ္စတွေက တစ်ပိုင်းပေါ့လေ။ ဒါပေမယ့် ဘဏ်တွေနဲ့ အလုပ်လုပ်ရတဲ့ စီးပွားရေးအသိုင်းအဝိုင်းက ရှိပြီးသားပဲလေ။ အဲဒီဟာကိုပဲ အခြေခံပြီး ပြန်တည်ဆောက်ဖို့ လို တယ်။ မြန်မြန်လုပ်ရမယ်။ အဲဒါက အစိုးရတစ်ရပ်တည်းနဲ့ မရဘူး။ ဟိုဟာတွေ ဒီဟာတွေ သွားပြောနေလို့ မရဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြန်ပြီး ယုံကြည်မှုတည်ဆောက်ရမယ်။ ဘဏ်တွေကပါဝင်ပြီးတော့ ဒါကို အာမခံ ရ မယ်” ဟု ပြောသည်။