၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၆

ပိတ်ထားသည်မှာ ၄ လနီးပါးရှိပြီဖြစ်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား ယခု နိုဝင်ဘာလအတွင်း နောက်ဆုံးထား ပြန်လည်ဖွင့်လှစ်ရန် တရုတ်ဘက်မှ ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်က ရွှေလီရှိ ဒေသအာဏာပိုင်များသည် အထူးအစည်းအဝေးတစ်ခုကျင်းပကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ဂိတ်အားလုံးနီးပါးမဖွင့်နိုင်သည်ရှိသော် ကျင်စန်းကျော့နှင့် ဝမ်တိန်ဂိတ်အား နိုဝင်ဘာလအတွင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်တို့နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက“အစည်းအဝေးမှာတော့ ဘာတွေထည့်သွင်း ပြောဆိုသွားလဲ ဆိုတော့ နှစ်နိုင်ငံဝင်ထွက်ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်နဲ့ ဝမ်တိန်ဂိတ်ကို စမ်းသပ်ကာလအဖြစ်ဖွင့်မယ်။ ဖွင့်တဲ့ အချိန်မှာလည်း ကန့်သတ်ချက်တွေမပါဘဲနဲ့ ဖွင့်လှစ်သွားမယ်လို့ သိရှိရပါတယ်။
တကယ်လို့ ဖွင့်မယ်ဆိုရင်လည်း ကျယ်ဂေါင်မှာ လွန်ခဲ့တဲ့ ၈ လလောက်ကတည်းက ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို အရင်ရှင်းပြီးတော့ ကျင် စန်းကျော့ဂိတ်နဲ့ ဝမ်တိန်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ဆွေး‌နွေးပြီး အမြန်ဆုံးကြိုးစားဆောင်ရွက်သွားပါမယ်ဆိုပြီး ဆုံးဖြတ်တယ်” ဟု ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရုတ်နိုင်ငံဘက်မှ ကိုဗစ်အကြောင်းပြပြီး ဇူလိုင်လ ၈ ရက်နေ့ ကတည်းက ပိတ်ထားခြင်းဖြစ်ကာ ကုန်သည်များ၊ ယာဉ်မောင်းများ၊ ကုန်တင်ကုန်ချ အလုပ်သမားများအနေဖြင့် ထိခိုက်နစ်နာမှုများရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မဖွင့်လှစ်ဖြစ်ခဲ့ပေ။

ထို့ကြောင့် ကုန်သည်များက အောက်တိုဘာ ၁၆ ရက်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းကြသော်လည်း မဖွင့်လှစ် ခဲ့သည့်အတွက် ယခုတစ်ကြိမ်သည်လည်း ထိုကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ကုန်တင်ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုရှိုင်းဝေအောင်က CNI သို့ ပြောသည်။

“ယာဉ်မောင်းတွေအနေနဲ့တော့ အထဲက ပိတ်မိနေတဲ့ ကျနော်တို့ကားတွေ ထွက်လာနိုင်ခဲ့မယ်ဆိုရင်တော့ ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်ရတာပေါ့။ ယာဉ်မောင်းတစ်ယောက်အနေနဲ့တော့ ကားထွက်နေမှ ဝမ်းရေးက အဆင်ပြေမှာဗျ။ ကားမထွက်ရင် ဝမ်းရေးကအဆင်မပြေဘူး။ ပျော်တော့ပျော်တယ်ဗျ။ ဒါပေမယ့် ယုံကြည်မှုတော့ မရှိဘူး။ ခနခန အဲဒီလိုမျိုးဖြစ်တဲ့အခါကျတော့ ပြန်ထွက်လာမှပဲ ထွက်လာပြီဆိုပြီး ယုံကြည်လို့ရမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

တရုတ်ပြည်သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် ၎င်း၏ နယ်နိမိတ်လုံခြုံရေးကို တိုးမြှင့်ရန်အတွက် ဥပဒေတရပ်ကို အောက်တိုဘာ ၂၃ ရက်က ပြဋ္ဌာန်းလိုက်ပြီး တရုတ်ပြည်၏ အချုပ်အခြာ အာဏာနှင့် နယ်နိမိတ်အား ထိရောက်စွာ ကာကွယ်သွားမည်ဟု ထိုဥပဒေသစ်တွင် ဖော်ပြထားသည်။

၎င်းသည် အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်သည့် နယ်စပ်ဂိတ်ပေါက်များအား လက်ရှိအချိန်ထိ ပိတ်ထားခြင်း ဖြစ်ကာ နိုဝင်ဘာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များပြန်ဖွင့်ပါက မြန်မာနိုင်ငံသည် တရုတ်ဘက်မှ နယ်စပ်ဂိတ်ပထမဆုံးဖွင့်ပေးသည့် နိုင်ငံဖြစ်လာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက “သူတို့က နယ်စပ်ဂိတ်တွေရှိတယ်။ လာအိုတို့ မြန်မာတို့ ဗီယက်နမ်တို့ တခြားနိုင်ငံတွေကို ကိုဗစ်အကြောင်းပြပြီးပိတ်ထားတာရှိတယ်။ ပြန်ဖွင့်လိုက်မယ်ဆိုရင်တော့ ဗမာနိုင်ငံဟာ နယ်စပ်ဂိတ်တွေပိတ်ထားတဲ့ထဲမှာ ပထမဆုံးဖြစ်ရင်ဖြစ်သွားပါလိမ့်မယ်။ သူတို့ကပြောမှာကတော့ ကိုဗစ်တွေ့ရှိတဲ့သူတွေနည်းသွားတယ်။ နယ်စပ်တလျှောက်မှာလည်း ကာကွယ်ဆေးက တော်တော်လေး ထိုးပြီး သွားပြီးပြီ။ နောက်တခါရွှေလီတို့မှာလည်း ကိုဗစ်တွေ့ရှိမှုက တော်တော်လေးနည်းသွားပြီ။ နောက် ရွှေလီဘက် မှာလည်း ကာကွယ်ဆေးထိုးပေးထားတဲ့လူက ရာနှုန်းပြည့်လောက်ရှိသွားပြီ။ ဒီအကြောင်းပြချက်တွေနဲ့ ဖွင့်ပေးမှာ ပဲ” ဟု ပြောသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဦးစားပေး ဆေးစစ် ကုသပေးမယ့် ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာအား တည်ဆောက်ထားပြီးဖြစ်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများလည်း လုပ်ဆောင်နေပြီး မူဆယ်မြို့တွင် ကာကွယ်ဆေးထိုးနှံမှုသည် ၅၀ ရာခိုင် နှုန်း‌ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။