၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄

အရောင်းအဝယ်နှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် ကျပ်သိန်း ၂၀၀ အထက် ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှု စနစ်ဖြင့်သာ ဆောင်ရွက်ရမည်ဟု သတ်မှတ်ချက်များကြောင့် လုပ်ငန်းလည်ပတ်မှုများ နှောင့်နှေးသွားနိုင်သလို အခက်အခဲများလည်း ရှိလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် အလို့ငှာ အခြေပစ္စည်းနှင့် ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှုအတွက် ငွေပေးချေမှုနှင့် အခြားငွေပေးချေမှုများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက် မပိုစေရ၊ ထိုပမာဏာထက်ပိုသည့် မည်သည့် ပေးချေမှုများအတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဆောင်ရွက်ရမည်ဟု နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုသတ်မှတ်ချက်ကြောင့် လုပ်ငန်းလုပ်ကိုင်မှု ခက်ခဲသွားနိုင်သလို ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းသွားနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် Shwe Property တည်ထောင်သူ ကိုကောင်းသူဝင်းက ပြောသည်။

၎င်းက “အရောင်းအဝယ်ဆိုတာ သူတို့ လိုက်ပြီး စစ်လို့ရတဲ့ ပလက်ဖောင်း မရှိဘူးပေါ့နော်။ တကယ်လို့ တင်း တင်းကျပ်ကျပ် လုပ်တယ်ဆိုလို့ရှိရင် ဘဏ်အကူးအပြောင်းကို ဗဟိုဘဏ်က လိုက်စစ်နေရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ ဖြစ်နိုင်ပြီး တော့ ဘယ်လို အရေးယူမလဲပေါ့။ ပိုပြီးတော့ လုပ်ငန်းလုပ်ကိုင်ရတာ ဝယ်ရောင်းလုပ်တဲ့သူတွေဖြစ်ဖြစ်၊ စီးပွားရေးသမားပဲ ဖြစ်ဖြစ် အလုပ်လုပ်ဖို့ ရပ်တန့်သွားဖို့ပဲ ပိုဖြစ်သွားမှာပေါ့။ ပိုခက်ခဲဖို့ပဲများပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ငွေကြေး ပေး ချေတာသည် ကြိုက်တဲ့ပုံစံနဲ့ ပေးမှာပေါ့နော်။ အစ်ကိုထင်တယ် ပိုဆိုးဖို့ပဲ များပါတယ်။ မြန်မာငွေကြေး တန်ဖိုး၊ ဘဏ်ထဲမှာ ရှိတဲ့ ငွေတန်ဖိုး ပိုကျလာဖို့ပဲ များပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကလည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်သည် ရွှေအရောင်း အဝယ်များကို လျော့ကျသွားစေနိုင်သလို အရောင်း အဝယ် အေးသွားစေကြောင်း၊ဘဏ်တွင် ငွေသွင်းငွေထုတ် ယခင်အတိုင်း လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ပါက ဘဏ်ဖြင့်ငွေသားပေးချေသည့် စနစ်ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောသည်။

၎င်းက “အရောင်းအဝယ် လျော့သွားမယ့်သဘောတော့ ရှိပါတယ်ခင်ဗျ။ ၂၀၀ ကျော်ရင် ဘဏ်နဲ့ပဲ သွားရမယ်ဆိုတော့ ၂၀၀ အောက်ပဲ ရောင်းကြဝယ်ကြတော့ အရောင်းအဝယ် အေးသွားတဲ့သဘော ဖြစ်သွားမှာပေါ့။ ပမာဏများများ လုပ်လို့မရတဲ့ သဘော ဖြစ်သွားမယ်ပေါ့။ ရွှေက အဲလို ဖြစ်သွားမယ်။ သူကတော့ ဘဏ်ထဲမှာ ငွေဝင်စေချင်တဲ့ သဘောပါပဲ။ ကျနော်တို့ ကုန်သည်တွေ အနေနဲ့ကျတော့ ဒီဘဏ်တွေကို ပြန်ပြီး တော့ ယုံကြည်မှု ရှိလာအောင် လုပ်ရမှာ အများကြီး ကျန်ပါသေး တယ်ဗျ။ ကျနော်တို့လည်း ဘဏ်တွေက ကောင်းတယ်ဆိုရင် ဘဏ်စနစ်နဲ့ပဲ ရောင်းနေ ဝယ်နေကြတာ။ အခုဘဏ်က ငွေ ထုတ်ရတာ ခက်ခဲတဲ့အတွက် အရောင်းအဝယ်တွေက ဘဏ်နဲ့ မချိတ်ဆက်တာ ဖြစ်ပါတယ်။ ဘဏ်ကနေပြီးတော့ အရင်လို အတိုင်းပဲ ပုံမှန်သွင်းလို့ရမယ် ပုံမှန်ပြန်ထုတ်လို့ရမယ် ဒီဘဏ် စနစ်က သူတို့မလုပ်ခိုင်းလည်း အားလုံးက လုပ်ကြမှာပဲ။ ငွေ ထုပ်ကြီး ထမ်းပြီးတော့ ဟိုသွားဒီသွားနေဖို့ အစီအစဉ် မရှိပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

တချို့သော စီးပွားရေး လုပ်ငန်းရှင်များကတော့ ဗဟိုဘဏ်၏ ယခုထုတ်ပြန်ချက်သည် ဘဏ်ထဲသို့ ငွေသားများ ဝင်ရောက် လာစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယခု နည်းလမ်းသည် ပထမဆုံး ကြားဖူးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စောင့်ကြည့်ရ မည့် အနေအထား ဖြစ်နေကြောင်း ဆိုသည်။

လက်ရှိတွင် ဘဏ်များအပေါ် ပြည်သူများ၏ ယုံကြည်မှု ပျက်ပြားလျက်ရှိနေပြီး ဗဟိုဘဏ်၏ ကျပ်သိန်း ၂၀၀ အထက် ငွေပေးချေမှုများ ဘဏ်စနစ်ဖြင့် သွားရမည်ဟု ထုတ်ပြန်ချက်သည် ဘဏ်များအပေါ် ယုံကြည်မှု ပိုမို ကျဆင်းသွားနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် Shwe Property တည်ထောင်သူ ကိုကောင်းသူဝင်းက ပြောသည်။

၎င်းက “ဘဏ်တွေအပေါ်မှာ ယုံကြည်မှု ပိုပျက်သွားမှာပေါ့။ ဘာလို့ဆို ဗဟိုဘဏ်က ဘဏ်တွေအကုန်လုံးက သူ့အောက်မှာ ရှိတာကိုး။ ဗဟိုဘဏ်က ဥပဒေတွေကို ဒီအတိုင်း တောက်လျှောက်ထုတ်တော့ ဗဟိုဘဏ်က ဒီကောင့်ကို လုပ်ဆို ဒါက ဘဏ် တွေအပေါ်မှာ ယုံကြည်မှု ပိုပိုပျက်လာရင် လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်က ဘဏ်တွေ မဖွံ့ဖြိုးခင် ယုံကြည်မှု မရှိခင်တုန်းကလို ကားဝယ်တယ်ဆိုရင် ငွေတွေကို ကားပေါ်မှာ အထုပ်လိုက် တင်သွားတဲ့ ပုံစံမျိုးတွေ ဖြစ်ဖို့ပဲ များပါတယ်။ ဘာလို့ဆို ယုံကြည် မှု ပေါ့နော်။ ဘဏ်နဲ့ အရောင်း အဝယ် လုပ်တယ်ဆိုရင် ဗဟိုဘဏ်က လိုက်စစ်နေတော့မှာကိုး။ အဓိက ယုံကြည်မှုကိုး။ ရေတို အလုပ်ဖြစ်သွားရင်လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် မလွယ်ပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗဟိုဘဏ်က နိုဝင်ဘာ ၃ ရက်နေ့ ထုတ်ပြန် အမိန့်ကြေညာစာကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူမည်ဟု ဖော်ပြထားသည်။