CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပ မှ တင်သွင်းမည့် လျှပ်စစ်သုံး မော်တော်ယာဉ်များကို သုညရာခိုင်နှုန်းသို့ အကောက်ခွန်နှုန်း လျှော့ချသတ် မှတ် လိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက “ မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up- CBU စနစ်၊ Completely Knocked Down- CKD စနစ်နှင့် Semi-Knocked Down- SKD စနစ်တို့ဖြင့် တင်သွင်းသည့် အောက်ဖော်ပြပါ ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ်(Battery Electric Vehicle- BEV)အမျိုးအစားများ အတွက် မြန်မာ့အကောင်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောင်ခွန်နှုန်းများကို ပြည်ထောင် စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုည ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်သည်”ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံထုတ် BYD လျှပ်စစ်သုံးမော်တော်ကားကို ပြပွဲတွင် တွေ့ရစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အကောက်ခွန်နှုန်း လျှော့ချသတ်မှတ်လိုက်သည့် လျှပ်စစ်သုံး မော်တော ယာဉ်ကား အမျိုးအစားများကတော့ လမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့် ယာဉ်၊ ယာဉ်မောင်း အပါအဝင် ၁၀ ဦး သို့မဟုတ် ၁၀ ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည် တင်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးတပ်ယာဉ်(လူစီး) တို့ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်းနှင့် လျှပ်စစ်သုံး မော်တော်ယာဉ်များ အားသွင်းမည့် နေရာများ တည်ဆောက်ထားမှု မရှိသေးခြင်းတို့ကြောင့် အခက်အခဲများဖြင့် ပထမဆုံး ကြုံတွေ့ရနိုင်ကြောင်း၊ ထိုအခြေအနေများကို ဖြေရှင်းပေးနိုင်ပါက ဝယ်ယူအသုံးပြုသူများအတွက် အဆင်ပြေစေမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံး မော်တော်ကားများ တင်သွင်းရန် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသည် ပြင်ဆင် ဆောင်ရွက်နေကြကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံမှ လျှပ်စစ်ကားကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေ ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။