CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅

လက်ရှိတွင် ခရီးသွားရာသီ ရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ တချို့သော ဒေသများ၌ နယ်မြေ တည်ငြိမ်မှု မရှိသည့်အတွက် ၂၀၂၃ ခုနှစ်လောက်မှသာ ပြည်ပခရီးသွားဧည့်သည်များကို မျှော်မှန်းနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ ခရီးသွားများ ဝင်ရောက်ရန် ရှိသော်လည်း အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးသွားခဲ့ ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်မှသာ ပြည်ပခရီးသွားများကို မျှော်မှန်း၍ ရနိုင်တော့မည်ဖြစ်ကြောင်း Myanmar Voyages International Tourism ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဘုရားဖူးများကိုတွေ့ရစဉ်

၎င်းက “၂၀၂၂ ကတော့ ပြည်တွင်းလောက်နဲ့ပဲ ပြီးမှာ။ ထိုင်းတွေတောင်မှ အောက်တိုဘာ၊ နိုဝင်ဘာ လာမယ်ဆို ပေမယ့် ကျိုက်ထီးရိုး အခြေအနေ ဖြစ်သွားတော့ ဒါတွေက ဘယ်လိုပဲပြောပြောလေ။ အခုချိန်မှာ စစ်ကိုင်းတိုင်းကို ဘုရားဖူးသွားဖို့တောင် တော်တော်စဉ်းစားရမယ်။ မဖြစ်မနေ ပြန်မှသာ သွားရမှာ။ မြောက်ဦးကို ကျနော်တို့ သွားခဲ့ တယ်။ အခုချိန်မှာ အရမ်းသွားချင်တယ်။ ဒါပေမယ့် အခုချိန်မှာ အများကြီး စဉ်းစားရမယ်။ ကယားဆိုလည်း အလားတူပဲ။ ဒီလိုပဲပေါ့ အဝေးက ရှိတဲ့သူတွေဆိုရင်လည်း သူတို့လာချင်မှာပဲ။ သွားချင်မှာပဲ။ ဒါပေမယ့် သူတို့ စဉ်းစားရတယ်။ နောက်ကြောင်း မအေးဘူးလေ။ ဒါတွေက လက်ရှိဖြစ်နေတဲ့ အခြေအနေပဲပေါ့။ အဲတော့ ၂၀၂၃ မှာ ဒါတွေက ငြိမ်းချမ်းသွားမယ်ဆိုရင်တော့ ပြန်ပွင့်မယ်ဆိုရင်တော့ ဒါတွေက ပြန်ပြီး သက်ဝင်လှုပ်ရှားလာမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၈ သောင်းခန့် ရှိသည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထိုအရေအတွက်သည် တည်ငြိမ်သည့် ကာလများ၏ တစ်လတာ ဝင်ရောက်မှုမျှသာ ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

ထို့နောက် မြန်မာနိုင်ငံ၏ အထင်ကရ လည်ပတ်စရာ နေရာတစ်ခုဖြစ်သည့် ပုဂံဒေသတွင်လည်း နိုင်ငံခြားသား ခရီးသွား လာရောက်မှုသည် မရှိသလောက် နည်းပါးကြောင်း၊ ဟိုတယ်များအနေဖြင့် ပြည်တွင်း ခရီးသွားများကို သာ အဓိကထား မျှော်မှန်းနေရကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ပုဂံဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောသည်။

ပုဂံသရပါတံခါးကိုတွေ့ရစဉ်

၎င်းက “ပြည်ပကတော့ မလွယ်သေးပါဘူး။ ပြည်တွင်းပဲ ရှိတယ်။ ပြည်ပကတော့ မရှိသလောက်ပါပဲ။ အန်ကယ်တို့ ဟိုတယ်တွေကတော့ အကုန်လုံး ပြင်ဆင်ထားပြီးသားတွေပါ။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာဆိုတာ ဧည့်သည်တွေ များတဲ့လ။ အန်ကယ်တို့ ဟိုတယ်တွေကတော့ အခုလောလောဆယ်တော့ local ကိုပဲ မျှော်နေကြရ တာပေါ့။ local တွေ တန်ဆောင်တိုင် ကျောင်းပိတ်ရက်တို့၊ နောက်တစ်ခါ နှစ်ကူးကျောင်းပိတ်ရက်တို့ အဲဒီရက် တွေပဲ မျှော်နေကြတာ။ ကျန်တဲ့ရက်ကတော့ ဧည့်သည်က နည်းပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတွင် ရုရှားနိုင်ငံနှင့် အာဆီယံ ၈ နိုင်ငံတို့ကို ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့် ပေးထား သည့်အတွက် ၂၀၂၃ ခုနှစ်၌ အဆိုပါနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်လာနိုင်ကြောင်း၊ သင်္ဘောလိုင်းဖြင့် ဝင်ရောက်ရန်အတွက် စုံစမ်းထားမှုများရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။