CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်မြောက် ပိုင်း ဒေသသို့ ပြည်ပခရီးသွား ဧည့်သည်များကို ပို့ဆောင်၍ အဆင်မပြေသေးကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါဒေသများ၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းကြောင့် ခရီးစဉ်များကို စီစဉ်ဆောင် ရွက်ခြင်း မပြုကြခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်သိသလောက်ကတော့ ချင်းတို့၊ ကယားတို့က သွားလို့မရတာက သိတယ်ပေါ့နော်။ ရခိုင်က ကျ တော့ ငပလီလောက်ကို သွားလို့ရတယ် ထင်တယ်။ ကျန်တဲ့ ရခိုင်မြောက်ပိုင်းတွေတော့ မရဘူးလို့ ကျနော်တို့ သိထားတယ်ပေါ့လေ၊ အဲဒီအတွက်ကြောင့် ကျနော်တို့ အနေနဲ့ကတော့ တိတိကျကျ မသွားပါနဲ့လို့ ဘယ်ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားခြင်းမျိုးတော့ မရှိသေးဘူးပေါ့နော်။ ဒါပေမယ့်လည်း ကျနော်တို့ မြင်နေ ကြားနေရတဲ့ ဟာ တွေပေါ်မှာ မူတည်ကြီးတော့ မစီစဉ်ကြတဲ့ မသွားကြတာ ပိုများပါတယ်”ဟု ပြောသည်။

 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက် ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်ခံရမှု အမျိုးသမီး သေဆုံးနေစဉ် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများသို့ ခရီးသွား ဝင်ရောက်ခွင့် ပိတ်ထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနကတော့ ပိတ်ပင်ထားကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိပေ။
ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ခရီးသွားများကို မျှောင်လင့်ထား ကြောင်း၊ ထိုင်းနိုင်ငံမှ ခရီးသွားများ စတင် ဝင်ရောက်လာပြီ ဖြစ်ကြောင်း၊ သို့သော်လည်း စစ်ဆေးရေးဂိတ်များ တွင် အချိန်ကြာမြင့်စွာ စစ်ဆေးနေခြင်းနှင့် အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုး တောင်တက်ကားဂိတ်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှု ရပ်တန့်သွားကြောင်း ဦးနောင်နောင်းဟန် က ပြောသည်။

၎င်းက “ပြည်ပခရီးသွားတွေကတော့ ပထမပိုင်းကတော့ နည်းနည်း လာဖို့အတွက် အတာဆူ နေကြတယ်ပေါ့နော်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေလည်း ပြန်ဖွင့်ပြီပေါ့။ အာဆီယံဒေသတွင်း နိုင်ငံတွေမှာဆိုရင် ထိုင်းနိုင်ငံ ခရီး သည်တွေ စပြီးတော့ ဝင်လာပြီပေါ့လေ။ ဝင်လာပြီး နည်းနည်းလေး ကျိုက်ထီးရိုးကိုသွားတဲ့ ဖြစ်နေစဉ်မှာ အချိန် တွေ ယူနေစဉ်မှာပဲ ပထမတစ်ကြောင်းက ကျိုက်ထီးရိုးနဲ့ မုတ္တမ တံတားနားမှာ စစ်ဆေးရေးလုပ်လို့ ၄၊ ၅ နာရီ လောက် ကြာတဲ့အပေါ်မှာ ခရီးသည်တွေအပေါ်မှာ ထိခိုက်သွားတယ်ပေါ့လေ။ အဲမှာတစ်ခါ လျော့ကျသွားတယ်။ အခု ဖြစ်သွားတဲ့အပေါ်မှာလည်း ထိုင်းနိုင်ငံ ခရီးသွားတွေ ရပ်တန့်သွားတယ်လို့ ကျနော်တို့ သိထားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် ပြည်ပမှ ဝင်ရောက်လာမည့် နိုင်ငံ ခြားသားများအတွက် Tourist visa ၊ Business visa ၊ အွန်လိုင်းမှ ဗီဇာလျှောက်ထားခြင်းကို မလေးရှားနိုင်ငံမှလွဲ၍ အာဆီယံ ၈ နိုင်ငံ အပါအဝင် ရုရှားနိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။

 နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုတွေ့ရစဉ်

ပြည်ပမှ လာရောက်သည့် ခရီးသွားများအနေဖြင့် သွားရောက် လည်ပတ်မည့်နေရာ၊ တည်းမည့်နေရာ၊ အချိန်၊ သွား ရောက်မည့် အစီအစဉ် စသည့် အချက်အလက် အပြည့်အစုံကို ၁၀ ရက်ကြိုတင်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ ခွင့်ပြုချက် ယူရကြောင်း Myanmar Voyages International Tourism ၏ မန်နေးဂျင်း ဒါရိုက် တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အထူးသဖြင့်တော့ မန္တလေးတို့ ဒီဘက်က မေမြို့၊ ကလော ဒါတွေက သွားလို့ရပေမယ့် မန္တလေးလို နေရာ၊ ဒီဘက် စစ်ကိုင်းဘက်က မြစ်ကမ်း အနောက်ဘက် တွေကတော့ ဧည့်သည်တွေအနေနဲ့ သတိထားရမယ်။ ပြီးရင် မန္တလေးမှာလည်း လုံခြုံမှု ရှိတယ်ဆိုပေမယ့် ကျနော်တို့က ကိုယ်ဖြစ်ကိုယ်ခံပေါ့။ ကျနော်တို့ဘက်က သတိထားပြီး သွားရမယ့် အခြေအနေတွေ ရှိတယ်။ ရန်ကုန်လည်း အလားတူပဲပေါ့နော်။ သတိနေရမှာပါ။ ဒါကြောင့်မို့လို့ ခရီး သွားလုပ်ငန်း ဝန်ကြီးဌာနကို ကျနော်က ၁၀ ရက်ကြိုပြီးတော့ ဘယ်ဧည့်သည်လာလာ နိုင်ငံခြားသားလာလာ ကြိုတင်ပြီးတော့ ခွင့်ပြုချက် ယူရမယ်။ ခွင့်ပြုချက်ဆိုတာက ကြိုတင်ထားရတာပေါ့။ အစီအမံတွေရော၊ တခြား ဘယ်ဧည့်သည်လဲ၊ ဘယ်မှာနေမလဲ၊ ဘယ်ဂိုဏ်နဲ့ လိုက်မှာလဲ၊ ဘယ်လိုသွားမှာလဲ၊ အသေးစိတ်တွေ ကျနော်တို့ တင်ရတာတွေ ဖြစ်ကုန်တာပေါ့။ အရင်ကတော့ မလိုဘူး။ အဲလိုကြောင့်မို့လို့ လာမယ့် အစီအစဉ်မှာ ဧည့်သည် တချို့ လာဖို့တော့ ရှိကောင်းရှိမယ် ဒါပေမယ့် ဒီဒေသတွေကတော့ ကြိုတင်ခွင့်ပြုချက် သဘောမျိုးနဲ့ ၁၀ ရက် ကြိုတင်ရတဲ့ အခြေအနေ ပြန်ရောက်သွားပြီဆိုတာ ပြောခြင်းပါ” ဟု ပြောသည်။

NUG/PDF ကိုတွေ့ရစဉ်

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအနေဖြင့် ၂၀၁၉ ခုနှစ်မှ စတင်၍ ကိုဗစ်ဖြစ်ပွားမှုကြောင့် ထိခိုက်သွားခဲ့သလို ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားသည့် အချိန်မှာလည်း ခရီးသွားလုပ်ငန်းများ ထိခိုက်ခဲ့ရပြန်သည်။
အဆိုပါ အခြေအနေများသည် လက်ရှိအချိန်ထိ သက်ရောက်မှု ရှိနေကြောင်း၊ ပြည်တွင်းရှိ နယ်မြေတချို့ တည်ငြိမ် မှု မရှိပါက မြန်မာ့ခရီးသွားလုပ်ငန်းသည် ကောင်းမွန်လာဦးမည် မဟုတ်သေးကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။