CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်ခံရပြီးနောက် ကျိုက်ထီးရိုးသို့ သွားရောက်ရန် စီစဉ်ထားသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၏ ခရီးစဉ်များ ဖျက်သိမ်းလာ ကြကြောင်း ခရီးသွားလုပ်ငန်းများထံမှ သိရသည်။

ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ၏ ကျိုက်ထီးရိုးသို့ သွားရောက်မည့် ခရီးစဉ်များကို ဖျက်လိုက်ရ သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ကျနော်တို့ ပျက်တာက ပြည်ပခရီးစဉ်ပါ။ နိုင်ငံခြားသားတွေလာဖို့ လုပ်ထားတဲ့ ခရီးစဉ်လေး ပျက်သွား တာ။ အဓိကကတော့ ပြီးခဲ့တဲ့ ပစ်ခတ်မှုလေးတွေက ပဋိပက္ခလေးတွေ ဒါတွေကြောင့်မို့လို့ အစီအစဉ်တွေ၊ အရင် တုန်းက ရောင်းဖို့ လုပ်ထားတဲ့ ခရီးစဉ်တွေက အခု ဖျက်လိုက်ပြီပေါ့လေ အဲလိုဖြစ်သွားပါတယ်။ အဓိက ကျနော်တို့ ဒီဘက်ခြမ်းကို ရောင်းဖို့က ရန်ကုန်အနီးအနားမှာ ဘာမှ ရောင်းချဖို့ မရှိဘူးလေ ခရီးစဉ်တွေက။ ရောင်းရတာ ပဲခူး၊ ကျိုက်ထီးရိုး ခရီးစဉ်လောက်ပဲ ကျနော်တို့က ရောင်းလို့ရတယ်။ ဟိုဘက် ဘီးလင်းတို့ ဘာတို့ဘက် ကျတော့လည်း ကျနော်တို့က ဆက်ပြီးတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ထဲထိအောင် ခရီးစဉ်တွေရောင်းဖို့က ခက်သေးတယ်။ ဒီနားလေးလောက်ကတော့ ခရီးသည်တွေ သွားနေကြပြီဆိုပြီးတော့ ခရီးစဉ်တွေ ရောင်းထားတာလေးတချို့ ရှိပါ တယ်။ အခုလောလောဆယ်တော့ အဲဒီဟာလေးတွေကို cancel လုပ်လိုက်ပါပြီ” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်ခံရမှု CCTV မှတ်တမ်းကိုတွေ့ရစဉ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုး တောင်တက်ကားဂိတ် အောက်တိုဘာ ၁၂ ရက်နေ့က ပစ်ခတ်ခံခဲ့ရ၍ ခရီးသွားအမျိုးသမီး ၃ ဦးသေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၁)နှင့် PDF တို့က ပစ်ခတ်ခဲ့ ခြင်း ဖြစ်သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သလို သထုံမြို့နယ် PDF ကလည်း မိမိတို့ မပစ်ကြောင်း ငြင်းဆို ထားသည်။

ထို့နောက် ပြည်တွင်း ခရီးသွားများ သွားရောက်မည့် ကျိုက်ထီးရိုး ခရီးစဉ်တချို့လည်း ပျက်သွားခဲ့သလို ရောင်းချ ထားပြီးသား လက်မှတ်ခများလည်း ပြန်လည် အမ်းပေးခဲ့ရကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

၎င်းက “ပြည်တွင်း ခရီးစဉ်တွေလည်း ကျနော်တို့ သိသလောက် ပျက်တယ်လို့ ပြောတယ်။ ကျနော်တို့ အများကြီး ကြားနေရတယ်။ တချို့တွေက ကြိုတင်ပြီးတော့ ဘိုကင်တင်ပြီးတော့ ကားတွေ ယူထားကြတယ်။ အဲဒါလေးတွေ ပေါ့နော် ခရီးစဉ်လေးတွေ ဖျက်လိုက်ကြတာ များပါတယ်။ ဆုံးရှုံးသွားတဲ့ ခရီးသည်တွေကို ပြန်ပြီးတော့ လျော် လိုက်ရတဲ့သူတွေ ရှိတယ်။ လက်မှတ်တွေ ပြန်ပြီးတော့ လက်မှတ်တွေ ရောင်းထားပြီးသား ခရီးစဉ်တွေကို ပြန်ပြီး တော့ ပြန်ထုတ်ပေးလိုက်ရတာမျိုးတွေ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်ခံရမှု CCTV မှတ်တမ်းကိုတွေ့ရစဉ်

ယခုနောက်ပိုင်း ပြည်တွင်း ဘုရားဖူး ခရီးသွားပြည်သူများသည် ဘုရားဖူးကားများဖြင့် သွားရောက်မှု နည်းပါးလာ ပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ သွားရောက်မှု များပြားလာကြောင်း ပြည်တွင်း ခရီးသွားနှင့် ဘုရားဖူး လုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးကျော်မင်းလှိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဘုရားဖူးကားနဲ့ သွားတာ နည်းတယ်။ အားလုံးက အိမ်စီးကားနဲ့ ကိုယ့် အစီအစဉ်နဲ့ကိုယ် သွား တာ ပိုများတယ်။ ခက်တာက မြန်မာလူမျိုးတွေက မရှိဘူးဗျ၊ မမေ့ဘူး အမှတ်မရှိကြဘူး မကြောက်ကြဘူး။ အခု လည်း ပြန်သွားနေတာပဲလေ” ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ ကျိုက်ထီးရိုးသို့ ပို့ဆောင်ခြင်းကို နိုဝင်ဘာလအထိ ခေတ္တ ဆိုင်းငံ့ ထားမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်မှုရှိမှသာ ခရီးစဉ်များကို ပြန်လည် စတင်မည်ဖြစ်ကြောင်း သိရသည်။