
- By CNI
- Category: အားကစား
- Hits: 557
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ မန်စီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲအပြီး အပြုအမူတွေကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာနဲ့ ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကို တောင်းပန်သွားခဲ့ပါတယ်။
ပိုချက်တီနိုက “အန်သိုနီနဲ့ ဒိုင်လူကြီးတွေကို ကျနော်တောင်းပန်ဖို့ လိုပါတယ်။ ဒီအခိုက်အတန့်မှာ စတာလင်ဟာ အသင်းအတွက် ပဉ္စမမြောက်ဂိုး သွင်းယူနိုင်တယ်လို့ ကျနော် ခံစားခဲ့ရတာပါ။ ကျနော့်ကို အဝါကတ် ပြသခဲ့တာက ထိုက်တန်ပါတယ်။ ဒီလိုအပြုအမူမျိုးက ကျနော့်အတွက်ရော၊ ဘောလုံးအတွက်ပါ ကောင်းမွန်တဲ့ ပုံရိပ် မဟုတ်ပါ ဘူး။ ဂွာဒီယိုလာကိုလည်း ကျနော်တောင်းပန်ချင်ပါတယ်၊ ဒီအခိုက်အတန့်မှာ ကျနော်သူ့ကို မမြင်တွေ့ခဲ့ရလို့ပါ”လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက် ၄ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ အသင်းအနိုင်ဂိုး ရနိုင်မယ့်အခွင့်အရေးကို ကွင်းလယ် ဒိုင်လူကြီး အန်သိုနီတေလာက ပွဲသိမ်းခရာမှုတ်ပြီး ငြင်းပယ်ခဲ့တယ်လို့ ခံစားခဲ့ရကာ ပွဲအပြီးမှာ ဒေါသထွက်နေ ခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ မန်စီးတီးကိုတွေ့ရစဉ်
ပိုချက်တီနို ဒေါသထွက်နေချိန်မှာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ သူ့ကို လက်ဆွဲနှုတ်ဆက်ဖို့ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပိုချက်တီနိုဟာ သူ့ဆီကို မရောက်လာခဲ့တဲ့အတွက် ဂွာဒီယိုလာဟာ ဥမင်ထဲကို ဆင်းသွားခဲ့တာပါ။
ဂွာဒီယိုလာကတော့ ဒီအတွက် ပြဿနာမရှိဘဲ စိတ်ခံစားမှုတွေက ဖြစ်တတ်တဲ့အတွက် အဆင်ပြေပါတယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ၄ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာဟာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ နည်းပြဘဝ ပွဲပေါင်း ၈၈၂ ပွဲမှာ ပထမဆုံးပွဲအဖြစ် ၄ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာလို့ အချက်အလက်တွေအရ သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ကစားအပြီးမှာ မန်စီးတီးအသင်းက ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေပြီး ချယ်လ်ဆီးအသင်းက ၁၆ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 687
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက မန်စီးတီးဟာ အကောင်းဆုံး အသင်းဖြစ်တာကြောင့် ခက်ခဲမယ်ဆိုတာ သိပေမယ့် အနိုင်ရယူဖို့ ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ကျနော့်အတွက်တော့ မန်စီးတီးအသင်းဟာ အကောင်းဆုံး အသင်းပါပဲ။ ဒီပွဲက ခက်ခဲမယ်ဆိုတာ သိပေမယ့် ကျနော်တို့ ပြိုင်ဆိုင်ချင်တယ်၊ အနိုင် ၃ မှတ် ရယူချင်တယ်။ ဒါက ကျနော်တို့အတွက် အရေးကြီးပါ တယ်။ ချယ်လ်ဆီးက ဘယ်တော့မှ အောက်အသင်းဆိုတဲ့ ခံစားချက်မျိုး မရှိပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စပါးအသင်းကွင်းကို သွားခဲ့ပြီး ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကျနော်တို့ဟာ အင်္ဂလန်မှာရှိတဲ့ အကောင်းဆုံးအသင်းတွေနဲ့ တိုက်ပွဲဝင်နိုင်တဲ့ ယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်မကောင်းခဲ့ပေမယ့် စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲ အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ပြိုင်ပွဲစုံ ၂ ပွဲ ဆက်တိုက် နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲစလုံး အနိုင်ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်း အနေနဲ့ မန်စီးတီးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
မန်စီးတီးအသင်း ကစားသမားတွေ့ကို တွေ့ရစဉ်
ဒါပေမယ့် ပိုချက်တီနိုကတော့ အနိုင်ရလဒ်ရယူဖို့ ပစ်မှတ်ထားနေပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ အတက်အကျတွေ ရှိနေပေမယ့် ပရီးမီးယားလိဂ်ဆုဖလားကို ထပ်မံစိန်ခေါ်နိုင်ဖို့အတွက် အချိန်တစ်ခုပဲလိုတော့တယ်လို့ ယုံကြည်နေပါတယ်။
ဂွာဒီယိုလာက “ချယ်လ်ဆီးက ပိုပြီးကောင်းလာပါတယ်၊ နည်းပြတိုင်းကတော့ အချိန်လိုအပ်ပါတယ်။ သူတို့ဟာ သိပ်မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ပရီးမီးယားလိဂ် ဆုဖလားအတွက် ပြိုင်ဆိုင်တဲ့သူ ဖြစ်လာတော့မှာပါ။ ဘာကြောင့်လဲဆိုရင် သူတို့မှာရှိတဲ့နေရာတိုင်းမှာ အရည်အချင်းတွေရှိတဲ့သူတွေရှိလို့ပါ။ ချယ်လ်ဆီးအသင်း ကောင်းတဲ့ အချိန်တုန်းက ကျနော်တို့ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။
Source: Sky Sports

- By CNI
- Category: အားကစား
- Hits: 419
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ အေစီမီလန်အသင်းဂန္ထဝင် မာလ်ဒီနီကို အသင်းရဲ့ အားကစား ဒါရိုက်တာအသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ အခုရာသီအစပိုင်းမှာ ရလဒ်တွေ ဆိုးရွားနေပြီး တိုက်စစ်မှူး ဘန်ဇီမာနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ နည်းပြ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ထားပါတယ်။
မာလ်ဒီနီကလည်း အေစီမီလန်အသင်းက သူတို့ရဲ့ စီမံခန့်ခွဲမှုကို ပြင်ဆင်ပြီးနောက် နည်းစနစ်ဒါရိုက်တာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှိ မာလ်ဒီနီဟာ ကစားသမားဘဝ တစ်လျှောက်လုံး အေစီမီလန်အသင်းမှာသာ ကစားခဲ့တာ ဖြစ်ပြီး ကစားသမားဘဝက အနားယူချိန်မှာလည်း အီတလီကလပ်မှာသာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အယ်လ်အစ်တီဟတ် အသင်းကသာ မာလ်ဒီနီကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်နိုင်ခဲ့မယ်ဆိုရင် အီတလီ ဂန္ထဝင်ကစားသမားဟာ အေစီမီလန်အသင်း မဟုတ်တဲ့ အခြားအသင်းမှာ ပထမဆုံးအကြိမ် ပါဝင်ပတ်သက်မှု ဖြစ်လာမယ်လို့ သိရပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က ဘန်ဇီမာ၊ ကန်တီနဲ့ ဖာဘင်ဟိုတို့ကို ခေါ်ယူထားခဲ့ပြီး အသင်းကို အောင်မြင်မှု အများအပြားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
နည်းပြ နူနိုဆန်တိုကို ထုတ်ပယ်ခဲ့တဲ့ အယ်လ်အစ်တီဟတ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာတော့ အက်ဘာအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၅ ပွဲ ဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
တိုက်စစ်မှူး ဘန်ဇီမာဟာ ဒီပွဲမှာ အယ်လ်အစ်တီဟတ်အသင်းအတွက် ဟက်ထရစ် သွင်းယူခဲ့ပြီး သွင်းဂိုး ၁ ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ လာမယ့် ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ အယ်လ်အက်တီ ဖတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 500
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁
ကွင်းလယ်လူ မက်ဒီဆင်ဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဇန်နဝါရီအထိ အနားယူရမယ်လို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အတည်ပြုလိုက်ပါတယ်။
ပိုစတီကိုဂလူးက “မက်ဒီဆင်ရဲ့ဒဏ်ရာက ကျနော်တို့ ထင်ထားတာထက် အများကြီးပိုဆိုးပါတယ်။ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး သူ့ကို စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ဇန်နဝါရီအထိ အနားယူရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ မက်ဒီဆင်ဟာ စပါးအသင်းက ချယ်လ်ဆီးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးနဲ့ လုပ်ဖော်ကိုင်ဖက်များကိုတွေ့ရစဉ်
မက်ဒီဆင်နဲ့အတူ ချယ်လ်ဆီးအသင်းကို အရေးနိမ့်တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ နောက်ခံလူ ဗန်ဒီဗန် ကလည်း ဇန်နဝါရီအထိ အနားယူရဖွယ်ရှိတယ်လို့ နည်းပြ ပိုစတီကိုဂလူးက ပြောခဲ့ပါတယ်။
အခုလ အစောပိုင်းကမှ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ နိုင်ငံတကာ ပွဲစဉ်အပြီးမှသာ စပါးအသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့ နောက်ခံလူ ရိုမဲရိုးနဲ့ အူဒိုဂီတို့ဟာ ပွဲပယ်ပြစ်ဒဏ် ကြောင့် ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာပါ။ အဲ့ဒါကြောင့် စပါးအသင်းဟာ အဓိက ကစားသမား အများအပြား မပါဝင်ဘဲ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
စပါးအသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ်နေတဲ့ နည်းပြ ပိုစတီကိုဂလူးဟာ အောက်တိုဘာလ အတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာလကလည်း အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့် ၃ လဆက်တိုက် ဒီဆုကိုရရှိတဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 776
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁
ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံနေရတဲ့ နောက်ခံလူ ဗာရန်းနဲ့ သူ့အကြားမှာ ပြဿနာ မရှိဘူးလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ဒါတွေက လုံးဝမဟုတ်ပါဘူး။ နည်းဗျူဟာပိုင်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဒီအတွဲ အဖက်တွေကို ရွေးချယ်ရတာပါ။ မက်ဂွဲယားနဲ့ အီဗန်စ်က ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ မက်ဂွဲယားက ပြီးခဲ့တဲ့ရာသီက ပွဲတွေ အများကြီး မကစားခဲ့ရပါဘူး။ ဗာရန်းရဲ့ စွမ်းဆောင်ရည်ကို ကျနော် ကျေနပ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ မက်ဂွဲယားက အလွန်ကောင်းမွန်နေပြီး အသင်းထဲမှာ ပြိုင်ဆိုင်မှုတွေရှိနေတယ်”လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဗာရန်းဟာ လူတန် အသင်းနဲ့ ပွဲမှာတော့ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဗာရန်းကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာက နည်းဗျူဟာပိုင်းဆိုင်ရာ အကြောင်းပြချက်လို့ လူသိရှင်ကြား ပြောခဲ့ပြီးနောက် သူတို့နှစ်ဦး စကားပြောဆိုခဲ့ဖွယ် ရှိတယ်လို့ သိရပါတယ်။
ဗာရန်းနဲ့ မက်ဂွဲယားကို တွေ့ရစဉ်
ဗာရန်းဟာ ပြီးခဲ့တဲ့ ဖူလ်ဟမ်၊ ကိုပင်ဟေဂင် အသင်းတို့နဲ့ ပွဲတွေမှာလည်း လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပါတယ်။
အဲရစ်တန်ဟတ်ကတော့ မက်ဂွဲယားနဲ့ အီဗန်စ်တို့ရဲ့ အတွဲအဖက်ကို ပိုပြီးသဘောကျ နေတာကြောင့် ပွဲထွက် လူစာရင်းမှာ အသုံးပြုနေတာ ဖြစ်ပေမယ့် ဗာရန်းနဲ့ ဘာပြဿနာမှ မရှိဘူးလို့ လူတန်အသင်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဗြိတိန်မီဒီယာတွေကတော့ အဲရစ်တန်ဟတ်နဲ့ ဗာရန်းတို့ရဲ့ ဆက်ဆံရေး တင်းမာနေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အီဗန်စ်လည်း ဒဏ်ရာ ရသွားခဲ့တဲ့အတွက် နည်းပြ အဲရစ်တန်ဟတ် အနေနဲ့ ဗဟိုခံစစ်အတွက် ရွေးချယ်စရာအဖြစ် ဗာရန်း၊ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ ၃ ဦးသာ ရှိတော့ပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၈ နေရာမှာရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 467
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀
မက်ဆီနဲ့ ဇီဒန်းတို့ ၂ ဦးဟာ မိုင်ယာမီမှာတွေ့ဆုံချိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းရတာထက် ပိုမိုကောင်းမွန်တဲ့ အရာမရှိဘူးဆိုတာ သဘောတူညီခဲ့ကြပါတယ်။
မက်ဆီက “ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သွင်းခဲ့တဲ့ဂိုးက အကောင်းဆုံးပါပဲ။ ဒီမှာသွင်းယူခဲ့တဲ့ ဂိုးတွေက အကောင်းဆုံး အရာလို့ ထင်တယ်၊ ဟုတ်တယ်မလား။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို ကျနော်တို့ နှစ်ဦးစလုံး ပြောလို့ရတာပဲလေ”လို့ ပြောခဲ့တာကို ဇီဒန်းက “ဒါကမှန်ပါတယ်။ ငါသဘောတူတယ်”လို့ ဖြေခဲ့တာပါ။
ပြင်သစ်နဲ့ ရီးရယ်လ်အသင်းရဲ့ ဟီးရိုး ဇီဒန်းဟာ ဖလော်ရီဒါကို သွားရောက်ခဲ့ပြီး မက်ဆီနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဒါမှမဟုတ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်း တာက ပိုပြီးကောင်းတာလားလို့ အပြန်အလှန်ပြောခဲ့ကြရင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းတာက အခြားအရာ တွေထက် ထိပ်ဆုံးမှာ ရှိနေတယ်လို့ ခံစားခဲ့ကြတာပါ။
မက်ဆီဟာ ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး နိုင်ငံအသင်းကို ဆုဖလားကိုင်မြှောက်နိုင်အောင် ဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့ ၂၀၀၈-၀၉ နဲ့ ၂၀၁၀-၁၁ ခုနှစ်တွေရဲ့ ဗိုလ်လုပွဲ တွေမှာ သွင်းဂိုးတွေသွင်းယူပေးနိုင်ခဲ့တာပါ။
ဇီဒန်းကလည်း ပြင်သစ်အသင်းက ဘရာဇီးလ်အသင်းကို အနိုင်ရခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ပြင်သစ်အသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဇီဒန်းဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ချိန်တုန်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အထင်ရှားဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ သူပါ။
အဲဒါကြောင့် သူတို့နှစ်ဦးစလုံးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာရော၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့ပြီး ချန်ပီယံဆု တွေရယူကာ စံချိန်မှတ်တမ်းတွေကို တင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 434
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀
ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမား ဒီဂီယာဟာ စပိန်လာလီဂါထံ ပြန်လာဖို့အတွက် ဘက်တစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
စပိန်သတင်းစာ ED က ဒီဂီယာနဲ့ ဘက်တစ်တို့ဟာ အကြိုညှိနှိုင်းမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပြီး နှစ်ဖက်စလုံးက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ လိုလားနေတယ်လို့ ဖော်ပြထားတာပါ။ ဘက်တစ်အသင်းရဲ့ နံပတ်တစ်ဂိုးသမား ဖြစ်တဲ့ ရူအီဆေးလ်ဗားဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတာ ကြောင့် စပိန်ကလပ်မှာ ဂိုးသမားအဖြစ် အသက် ၄၀ နှစ်အရွယ်ရှိ ဘရာဗိုသာ ရှိတော့တာဖြစ်ပါတယ်။
ဘက်တစ်အသင်းကတော့ ရီးရယ်လ်အသင်းကစားသမားဟောင်း အစ္စကိုအား ခေါ်ယူခဲ့တဲ့ ပုံစံအတိုင်း ဒီဂီယာကို ကာလတိုစာချုပ်သာချုပ်ဆိုဖွယ်ရှိနေတယ်လို့ စပိန်သတင်းစာက ဖော်ပြထားတာပါ။ ယူနိုက်တက်အသင်းမှာ လုပ်ခလစာအများဆုံးရရှိခဲ့တဲ့ ဒီဂီယာဟာ ဘက်တစ်အသင်းထံ ပြောင်းမယ်ဆိုရင် လုပ်ခလစာ အများအပြား လျှော့ယူရမှာဖြစ်သလို အသင်းဘက်ကလည်း စပိန်ဂိုးသမားကို ခေါ်ယူနိုင်ဖို့ ငွေကြေးရှာဖွေရဖို့ ရှိနေပါတယ်။
ဒီဂီယာဟာ မန်ချက်စတာမှာရှိနေတာကြောင့် မကြာသေးခင်က အသင်းဟောင်း ယူနိုက်တက်အသင်းထံ ပြန်လာနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့သေးတာပါ။ ဒါပေမယ့် ဒီဂီယာဟာ စပိန်ကိုသာ ပြန်ဖို့ စိတ်အားထက်သန်နေတာကြောင့် စပိန်ကလပ်တွေနဲ့သာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ဒီဂီယာဟာ ယူနိုက်တက်အသင်းထံ ပြောင်းဖို့အတွက် ၂၀၁၁ ခုနှစ်ကတည်းက စပိန်ကနေ ထွက်ခွာလာခဲ့တာပါ။
ဘက်တစ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒီတစ်ပတ်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၂ ရက်မှာ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 355
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀
အသလက်တီကိုအသင်းဟာ နည်းပြ ဆီမြွန်နီကို အသင်းမှာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိရှိမယ့် သက်တမ်းတိုး စာချုပ်ချုပ်လိုက်ပြီလို့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ အသလက်တီကိုအသင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက စတင်တာဝန် ယူခဲ့တာဖြစ်ပြီး သူကိုင်တွယ်ခဲ့တဲ့ ၆၄၂ ပွဲမှာ အသင်းဟာ ၃၈၀ ပွဲအထိ အနိုင်ရလဒ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆီမြွန်နီဟာ အသလက်တီကိုအသင်းကို ဆုဖလား ၈ လုံးအထိ ရယူပေးနိုင်ခဲ့ပြီး အသင်းရဲ့ အအောင်မြင်ဆုံး နည်းပြအဖြစ်လည်း မှတ်တမ်းတင်ထားတာပါ။ အသက် ၅၃ နှစ်အရွယ်ရှိနည်းပြဟာ စပိန်ကလပ်ကို ၂၀၁၄ နဲ့ ၂၀၂၁ ခုနှစ်မှာ လာလီဂါဆုဖလား၊ ၂၀၁၂ နဲ့ ၂၀၁၈ ခုနှစ်မှာ ယူရိုပါလိဂ်ဆုဖလားတွေ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆီမြွန်နီဟာ အသလက်တီကိုအသင်းကို ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ၂ ကြိမ်စလုံး ရီးရယ်လ်အသင်းကို အရေးနိမ့်ကာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာပါ။ ဆီမြွန်နီ ဟာ အသလက်တီကိုအသင်းကို ကိုင်တွယ်နေချိန်မှာ ယူနိုက်တက်၊ ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြရာထူးတွေ အတွက် ချိတ်ဆက်မှုတွေခံခဲ့ရပေမယ့် သူကတော့ စပိန်ကလပ်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
အသလက်တီကိုအသင်းဟာ ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ စတုတ္ထနေရာ ရပ်တည်နေပြီး ထိပ်ဆုံးက ဂျီရိုနာ အသင်းနဲ့ ၆ မှတ်ကွာဟနေတာပါ။ အသလက်တီကိုအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၄ ပွဲကစားပြီး ရမှတ် ၈ မှတ်နဲ့ အုပ်စုထိပ်ဆုံးနေရာမှာ ရပ်တည်နေကာ လက်ကျန်ပွဲစဉ်တွေအဖြစ် ဖီယင်နု၊လာဇီယိုအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အသလက်တီကိုအသင်းဟာ နိုဝင်ဘာ ၁၂ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 483
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀
တူးလူးစ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်က ခွင့်ပြုမခံခဲ့ရတဲ့ ကွင်းဆက်ချ်ရဲ့ သွင်းဂိုးမှာ မက်အယ်လစ္စတာ လက်နဲ့ ထိခဲ့ခြင်းမရှိဘူးလို့ လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က ပြောလိုက်ပါတယ်။
ကလော့ပ်က “ဒီရုပ်သံကို အခုပဲကြည့်ခဲ့ပြီး ကျနော့်အတွက်တော့ ဒါက လက်ထိဘောမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်က ဘယ်လိုဆုံးဖြတ်လို့ရမှာလဲ။ ရိုးရိုးသားသားပြောရရင် ဘောလုံးကို ရင်ဘတ်နဲ့ ထိန်းခဲ့တာဖြစ်ပြီး လက်မောင်းနဲ့ ထိခဲ့တာကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့် သူတို့ဘက်မှာ ကျနော်နဲ့ မတူညီတဲ့ ပုံရှိကောင်း ရှိနိုင်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ ရှုံးနိမ့်ဖို့တော့ ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ ဘောလုံးရသင့်တဲ့ အခြေအနေတွေအများကြီးရှိပေမယ့် မလုပ်နိုင်ခဲ့ပါဘူး”လို့ ပြောခဲ့တာပါ။
ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ အစောပိုင်းက လီဗာပူးလ်အသင်းနောက်ခံလူ ကွင်းဆက်ချ်ရဲ့ နောက်ကျချေပဂိုးကို ခွင့်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာ VAR ပြန်ကြည့်ကာ မက်အယ်လစ္စတာ လက်ထိခဲ့တယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ တူးလူးစ်အသင်းကို ၃ ဂိုး- ၂ ဂိုး နဲ့ အရေးနိမ့်ပြီး ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။
ဒီပွဲစဉ်ရဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့အချိန်မှာ တူးလူးစ်အသင်းပရိသတ်တွေက နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က ဒီလိုနေရာမှာ ဘယ်လိုလုပ် သတင်းစာရှင်းလင်းပွဲ လုပ်တာလဲလို့ ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် အုပ်စုတွင်း ၄ ပွဲကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၉ မှတ်နဲ့ အုပ်စုတွင်းကို ဦးဆောင်နေတာပါ။ တူးလူးစ်အသင်းက ၇ မှတ်နဲ့ ဒုတိယ၊ ယူနီယံSG အသင်းက ၄ မှတ်နဲ့ တတိယ၊ LASK အသင်းက ၃ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ လက်ကျန် ၂ ပွဲမှာ ၁ ပွဲအနိုင်ရတာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 602
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉
ရီးရယ်လ်အသင်းဟာ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရမယ့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူမှာ မဟုတ်တော့ဘူးလို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
နွေရာသီ အပြောင်းအရွှေ့ ရောက်ရှိဖို့ အချိန်တွေအများကြီး ကျန်ရှိနေသေးပေမယ့် ဘတ်ပီနဲ့ ရီးရယ်လ်အသင်း တို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ဒီရက်ပိုင်းပြန်ပြီး ထွက်ပေါ်နေပါတယ်။
ရီးရယ်လ်အသင်းဟာ ဘတ်ပီကို ခေါ်ယူဖို့ လွန်ခဲ့တဲ့နှစ်တွေထဲက ကြိုးစားခဲ့တာဖြစ်ပေမယ့် Cadena Ser ကတော့ စပိန်ကလပ်ဟာ အခုရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ငြင်းဆန်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
Cadena Ser က ဘတ်ပီကို ရီးရယ်လ်အသင်း မခေါ်ယူတဲ့ အဓိကအကြောင်းအရင်း ၃ ချက်ကိုလည်း ဖော်ပြထားခဲ့ ပါတယ်။
ပထမအချက်ကတော့ ဘတ်ပီရဲ့ လုပ်ခလစာ မြင့်မားမှုဖြစ်ပြီး သူ့ကို ခေါ်ယူမယ်ဆိုရင် လက်မှတ်ထိုးကြေးကို လည်း မြင့်မားစွာပေးချေရဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဘတ်ပီကိုတွေ့ရစဉ်
ဒုတိယအချက်ကတော့ ဘတ်ပီဟာ လူတိုင်းချစ်ခင်ကြတဲ့ လူငယ်ကစားသမား မဟုတ်တော့တာပါ။ ရီးရယ်လ် အသင်းဟာ ကာမာဗင်ဂါ၊ ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ်၊ ရိုဒရီဂိုတို့လို လူငယ်တွေနဲ့ အသင်းကို နှစ်ပေါင်းများစွာကြာ ဦးဆောင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
နောက်ဆုံးအချက်ကတော့ ဘတ်ပီဟာ ၂၀၂၂ ခုနှစ်မှာ ရီးရယ်လ်အသင်းကို ပြောင်းဖို့ ငြင်းဆန်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်းတိုးခဲ့တာကို ကလပ်အသင်းက ဒေါသထွက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စပို့တင်းဘရာဂါအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဘတ်ပီနဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရပေမယ့် ဘာမှတ်ချက်မှ မပေးချင်ဘူးလို့ ဖြေသွားခဲ့ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားကတော့ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။
Source: Besoccer