CNI Article News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆

ကိုလံဘီယာနိုင်ငံသူ၊ နိုင်ငံသားများအတွက်တော့ နေ့သစ်တစ်ခုမွေးဖွားဖို့ ရောင်နီလာပြီဖြစ်သည်။ အထူးသဖြင့် ခေတ် အဆက်ဆက် ပြည်တွင်း၌ ဦးစားပေးမှု မခံခဲ့ရသည့် အပစ်ပယ်ခံ (ကျောမွဲ) လူတန်းစားဟု ခေါ်သည့် အမျိုးသမီးများ၊ ဌာနေ တိုင်းရင်းသားအုပ်စုများ၊ အာဖရိကနှင့် ကိုလံဘီယာသွေးနှောသူများ၊ LGBTQ+ များ၊ အလုပ်သမား လူတန်းစား၊ မသန်စွမ်း သူများနှင့် ဆင်းရဲနွမ်းပါးသူများ၊ အကြမ်းဖက်မှု ခါးစည်းခံခဲ့ရသူများ၊ ခွဲခြားဆက်ဆံမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ ကြောင့် နိုင်ငံတဝန်း မမျှမတ ထိခိုက်နစ်နာခဲ့ရသူ အားလုံးကို ရွေးကောက်ခံ ဒုတိယသမ္မတ ဖရန်စီယာမားကွစ်က အလေးပေး မည်ဟု ပြောလာခဲ့သည်။  

ဇွန်လ ၁၉ ရက်တွင် ဘိုဂိုတာမြို့တော်ဝန်ဟောင်း ဖြစ်ခဲ့သူ သမ္မတလောင်း ဂက်စတာဗိုပီထရိုနှင့် သဘာဝပတ်ဝန်းကျင် အရေး တက်ကြွ လှုပ်ရှားခဲ့သူ ဒုတိယသမ္မတ မားကွစ်တို့သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ (ဒုတိယအကျော့)တွင် မဲ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ရရှိပြီးသကာလ မိမိတို့တိုင်းပြည်၏ ပထမဆုံး လက်ဝဲယိမ်း အစိုးရကို ဖွဲ့စည်းခြင်းဖြင့် သမိုင်းတွင် သမိုင်းဝင် လာတော့မည် ဖြစ်လေသည်။

ထိုသို့ ဖြစ်တည်လာရေးအတွက် လွယ်လင့်တကူဖြင့် အောင်ပွဲခံနိုင်ခဲ့ခြင်းတော့ မဟုတ်။ ဒုတိယအကျော့ ရွေးကောက်ပွဲတွင် ဂက်စတာပီထရိုနှင့် ဖရန်စီယာမားကွစ်တို့သည် လက်ယာယိမ်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ရိုဒေါ်ဖိုဟာနန်ဒက်ဇ်ကို ရေကုန် ရေခမ်း ယှဉ်ပြိုင်ခဲ့ရသည်။

ဟာနန်ဒက်ဇ်ကို ကျောထောက်နောက်ခံ ပေးခဲ့သူက ရာထူးမှ အနားယူပြီဖြစ်သော ကွန်ဆာဗေးတစ် သမ္မတဟောင်း အိုင်ဗင်ဒူကွီးဟု သိရသည်။ ၎င်းသည် ကိုလံဘီယာကို ဆယ်စုနှစ် ၂ ခုကြာ အုပ်ချုပ်ခဲ့သော ဗဟိုဒီမိုကရက်တစ်ပါတီမှ ဖြစ်သည်။

ထို့ပြင် မီဒီယာနှင့် ဩဇာတိက္ကမ ကြီးမားသော ရေပေါ်ဆီ လူတန်းစားများကိုလည်း ဂက်စတာပီထရိုနှင့် ဖရန်စီယာမားကွစ် တို့ နှစ်ယောက်သား ကျော်လွှားခဲ့ရသည်။

ကိုလံဘီယာ သမ္မတသစ် ပီထရိုနဲ့ ဒုသမ္မတသစ် မားကွစ်း (AP)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်နေပြီး ငွေကြေးအင်အား တောင့်တင်းစွာဖြင့် စည်းရုံးရေး အစွမ်း ကုန် လုပ်ခဲ့သူ လုပ်ငန်းရှင် ဟာနန်ဒက်ဇ်ခမျာ သမ္မတရာထူးအတွက် လုံလောက်သော ထောက်ခံမဲများ မရခဲ့ပေ။ သူ့အပေါ်မှာ လည်း အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များက ဖိစီးလို့နေခဲ့သည်။

ကိုလံဘီယာနိုင်ငံ၏ သမိုင်းတလျှောက် မဲပေးသူ အများဆုံးဖြစ်ခဲ့သော ယခုနှစ် ရွေးကောက်ပွဲတွင် သန်းနှင့်ချီသော ပြည်သူ များက သိမ်မွေ့နက်နဲသော လူမှုရေးနှင့် အပြောင်းအလဲအတွက် အလားအလာကောင်းသည့် လက်ဝဲယိမ်းသူ နှစ်ဦးကို မဲပေး ရန် ရွေးချယ်ခဲ့ကြသည်။

ပြောရမည်ဆိုလျှင် ပီထရိုနှင့် မားကွစ်တို့၏ အောင်မြင်မှုသည် ကြက်ကန်းဆန်အိုးတိုး၍ မတော်တဆရလာခြင်း မဟုတ်ပေ။ နှစ်ပေါင်းများစွာ အခြေခံ လူတန်းစားများကို စည်းရုံးစုစည်းနိုင်မှုနှင့် လက်ဝဲညွန့်ပေါင်း အားကောင်းလာအောင် တည်ဆောက် နိုင်မှုတို့ကြောင့် ယခုအောင်ပွဲခံနိုင်သည့် အခိုက်အတန့်ကို မွေးဖွားပေးခဲ့သည်။

စင်စင်အားဖြင့်လည်း ယခု ရွေးကောက်ပွဲ မတိုင်မီ ကာလ၌ပင် ကိုလံဘီယာနိုင်ငံ၌ ကာလအတန်ကြာ တိုးတက်ပြောင်းလဲ လာသည့် လက္ခဏာများ ရှိခဲ့ပါသည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် သမ္မတ အိုင်ဗင်ဒူကွီး၏ လက်ယာယိမ်း အစိုးရသည် အချိုးမကျစွာဖြင့် အသက် ၂၅ နှစ်အောက် အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာကို ထပ်မံလျှော့ချရန် အဆိုပြုလာခဲ့သည်။ ထိုအခါ ဆယ်စုများစွာ တိုင်အောင် ခြိုးခြံချွေတာခဲ့ရပြီး လူရာသွင်းခြင်း မခံရသည့်အပေါ် ငြီးငွေ့လာကြသော လူငယ်များက ကိုလံဘီယာနိုင်ငံ အနှံ့အပြား၌ လမ်းပေါ် ထွက်လာခဲ့ကြတော့သည်။ တိုင်းပြည် ငြိမ်ဝပ်ပိပြားမှု ပျက်ပြားစေမည့် အမျိုးသားရေး သပိတ်မှောက်ပွဲ စတင် ဆင်နွှဲခဲ့ကြသည်။

ကိုလံဘီယာလူငယ်တစ်ဦး M19 သူပုန်ဟောင်း သမ္မတသစ် ပီထရိုကိုထောက်ခံနေ(AP)

Covid-19 ကူးစက်ပျံ့နှံမှု များပြားလာသည့်တိုင် ကိုလံဘီယာလူငယ်များ စိတ်ပေါက်ပေါက်နှင့် သပိတ်မှောက်မှုများက ဆက်လက် ဖြစ်ပွားနေခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အစိုးရက အဆိုပြုထားသော အခွန်အခများ၊ အကျင့်ပျက်ခြစားမှုနှင့် ကျန်းမာရေး စောင့်ရှောက်ရေး စသည့် ပြုပြင်ပြောင်းလဲရေးများ တိုးမြှင့်လုပ်ဆောင်ပေးခဲ့သော်လည်း ကိုလံဘီယာ လူငယ်များ၏ ဆန္ဒပြမှု လှိုင်းလုံးသစ်က ဂယက် ရိုက်ခတ်နေဆဲ ရှိခဲ့သည်။

ပိုမိုကောင်းမွန်သော ပညာရေး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်တို့ကို တောင်းဆို ရန်အတွက် လမ်းပေါ်ထွက် လာသူများက အစိုးရအပေါ် မကျေနပ်ခြင်းများအား မြို့တိုင်းလိုလိုတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အစိုးရတို့၏ ထုံးတမ်း အစဉ်အလာအတိုင်း အဆိုပါ ဆန္ဒပြပွဲမှုများကို အကြမ်းဖက်၍ တုံ့ပြန်ခဲ့သည်။ အနည်းဆုံး ဆန္ဒပြသူ ၄၄ ဦး သေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

၂၀၂၂ ခုနှစ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်သည့်အခါ အထက်ပါ ပြည်လုံးကျွတ် အုံကြွမှုကြီး၏ နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သော အခြေခံ လူတန်းစား ဆန္ဒပြပွဲများ၏ တောင်းဆိုချက်များနှင့်အတူ ကိုလံဘီယာ နိုင်ငံသားများ၏ စိတ်အတွင်းရှိ လိုလားချက်များကို ပီထရိုနှင့် မားကွစ်တို့သည် ထွေးပွေ့သိမ်းပိုက်ထားနိုင်ခဲ့သည်။

ကိုလံဘီယာ ပြည်သူများသည် စနစ်တကျ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ရေးအတွက် ပြတ်ပြတ်သားသားပင် အသင့်ဖြစ်နေ ကြပြီ တက်ကြွစွာ တောင်းဆိုနေမှုများကို အားမလျှော့ခဲ့ကြပေ။

မည်သို့ပင်ဆိုစေကာမူ ပီထရိုနှင့် မားကွစ်တို့ တင်ပြခဲ့သော မဲဆွယ်စည်းရုံးရေး အဆိုပြုချက်များမှာ အတော်လေး ကျိုးနွံနေ သေးသည်။

ကိုလံဘီယာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး(AP)

နိုင်ငံ၏ပညာရေး၊ ကျန်းမာရေးစနစ်များ တိုးတက်စေရန်နှင့် ရုပ်ကြွင်း လောင်စာဆီအပေါ် ကိုလံဘီယာ မှီခိုနေရမှုများကို အဆုံးသတ်ရန်အတွက် နိုင်ငံတော်အစိုးရကို ထပ်ဆောင်း ဘဏ္ဍာငွေများ ရရှိစေမည့် အခွန်ပြုပြင် ပြောင်းလဲရေး တစ်ရပ်ကို သူတို့နှစ်ဦးက ရွေးကောက်ပွဲအကြို ကတိပြုခဲ့ကြသည်။ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းကိုသာ ဦးတည် ကတိပြုခဲ့ကြခြင်း ဖြစ်သည်။

သို့စင်လျက် သူတို့၏ ကျိုးနွံသော အဆိုပြုချက်သည် ရည်မှန်းချက် ကြီးလွန်းကြောင်း၊ လက်တွေ့ မကျကြောင်းနှင့် တန်ပြန် အကျိုးမဲ့စေကြောင်း ဝေဖန်သံများလည်း ဆူညံခဲ့သည်။ ပီထရိုသည် ယခင်သမ္မတ ဒူကွီး ကဲ့သို့ စားသောက်ကုန် ပစ္စည်းများ အပေါ် အခွန်တိုးမည် မဟုတ်ဘဲ အခြား အမြောက်အမြား လိုအပ်နေသော ထပ်ဆောင်းဘဏ္ဍာ ငွေရယူရန် စီစဉ်နေသော ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း လက်ယာယိမ်း အဖွဲ့အစည်းက ထိုးနှက်၍ စောဒက တက်ခဲ့သည်။

ပြည်တွင်း၌ ကျိကျိတက် အချမ်းသာဆုံး အိမ်ထောင်စုပေါင်း ၄,၀၀၀ ခန့်ကို အခွန်တိုးကောက်ခြင်း၊ ကော်ပိုရိတ် အခွန် ခံစား ခွင့် အချို့ကို ဖယ်ရှားခြင်း၊ သွင်းကုန်အခွန် အချို့ တိုးခြင်း၊ အခွန်မဆောင် အခွန်ရှောင်သူများကို အရေးယူခြင်း စသည်ဖြင့် ပီထရိုနှင့်မားကွစ်တို့က စီမံချက် ရေးဆွဲထားသည်။

ပီထရိုနှင့်မားကွစ်တို့၏ ရွေးကောက်ပွဲ အောင်ပွဲသည် ကိုလံဘီယာတွင်သာမက လက်တင် အမေရိက ဒေသတွင်း တစ်ခုလုံးကို အကြောင်းအမျိုးမျိုးဖြင့် အပြုသဘောဆောင်သော ကဏ္ဍသစ်တစ်ခု အစပျိုးပေးခဲ့သည်။

ပူပူနွေးနွေး အာဏာရလာသော ပီထရိုက ပထမဆုံးနှင့် အရေးကြီးဆုံးဖြစ်သော ကတိအဖြစ် ကိုလံဘီယာနိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်‌ရေးတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်မည်ဟု ကတိပြုခဲ့သည်။

အမေဇုန် မုတ်သုံသစ်တောကို ကယ်တင်ရန် လုပ်ဆောင်နေစဉ်အတွင်း ကိုလံဘီယာနိုင်ငံသူ၊ နိုင်ငံသားများ လူနေမှု အဆင့် အတန်း မြင့်လာဖို့ ၎င်း၏ သန္နိဋ္ဌာန်ကို ပီထရိုက ထပ်ခါတလဲလဲ အလေးပေး ပြောကြားခဲ့သည်။

ကိုလံဘီယာ ရွေးကောက်ပွဲတွင် လူငယ်များ တက်ကြွစွာ စည်းရုံးနေ(AP)

၎င်း၏ ရွေးကောက်ပွဲ အောင်ပွဲရ မိန့်ခွန်းထဲတွင် လက်တင် အမေရိက ဒေသတွင်းရှိ အခြားတိုးတက်သော ခေါင်းဆောင်များ ကို နိုင်ငံအလိုက် ရုပ်ကြွင်းလောင်စာ မှီခိုနေရမှုကို အဆုံးသတ်ကြရန်၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် မျှမျှတတ ရှိကြရန် ၎င်းတို့ တိုင်းပြည် အသီးသီး၏ ရှေ့လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် တောင်းဆိုတိုက်တွန်းခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အဆိုပြုချက်များ ဖြစ်ကြသည့် သမရိုးကျ မဟုတ်သော ရေနံတွင်းများကို ချက်ချင်းပိတ်ပင်ရေး၊ ရှေ့ပြေးစီမံကိန်းများနှင့် ကမ်းလွန်ရေနံတွင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ကြွင်းလောင်စာလိုင်စင် ရယူရေးတို့ကို ၎င်း၏ မိန့်ခွန်း ထဲတွင် ပီထရိုက လှုံ့ဆော်ခဲ့သည်။

ကိုလံဘီယာပြည်တွင်း ပျက်သုဉ်းမှုများ၊ ပြောင်းရွှေ့နေထိုင်မှုများနှင့် အကြမ်းဖက်မှုများစွာ သယ်ဆောင်လာခဲ့သော ရုပ်ကြွင်း လောင်စာများကို ထုတ်လုပ် သုံးစွဲမည့်အစား စိမ်းလန်းသော စီးပွားရေး စနစ်သစ်ကို တည်ဆောက်သွားကြရန် ဂက်စတာဗို ပီထရိုနှင့် ဖရန်စီယာမားကွစ်တို့က ကတိပြုခဲ့ကြသည်။

တစ်နည်းအားဖြင့် ဆိုရသော် ကိုလံဘီယာသမ္မတ ရွေးကောက်ပွဲ ရလဒ်သည် ကမ္ဘာတလွှား တိုးတက်သော လူမှုလှုပ်ရှားမှု  အတွက် လှုံ့ဆော်မှု ပေးလိုက်သည့် ရင်းမြစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။

ပီထရိုနှင့် မားကွစ်တို့ ဆုံးဖြတ်ထားသည့်အတိုင်း အခြေခံလူတန်းစားများ စည်းရုံးရေးနှင့် ညွန့်ပေါင်း တည်ဆောက်ရေးတို့ သည် လက်ယာလမ်းစဉ် အုပ်စုများ၏ ကြီးမားသော တွန်းလှန်မှု ဆန့်ကျင်နေသည့်တိုင် အောင်မြင်နိုင်ခြေများကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ကြသည်။

ကိုလံဘီယာ သမ္မတသစ် ပီထရိုနဲ့ ဒုသမ္မတသစ် မားကွစ်းတို့ အောင်ပွဲခံနေစဉ်(AP)

ယခု ရွေးကောက်ပွဲ ရာသီတလျှောက်လုံးတွင် ပီထရို၏ ပြိုင်ဘက်များက ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အရှုံးနှင့် ရင်ဆိုင် ခဲ့ရသော M19 သူပုန်အဖွဲ့တွင် အတိတ်က ပီထရို ပါဝင်ပတ်သက်ခဲ့ပုံများကို လူထုထံသို့ ချပြ၍ ပုံဖျက်ခဲ့ကြသည်။

ထိုသို့ ပုံဖျက်ခြင်းက အလုပ်မဖြစ်သည့်အခါ လက်ရှိတိုင်းပြည် ရင်ဆိုင်နေရသော စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်း နိုင်စွမ်း မရှိသော၊ လိမ္မာပါးနပ်မှု ကင်းမဲ့သော သမ္မတလောင်းအဖြစ် လက်ယာအုပ်စု၏ ရွေးကောက်ပွဲ ကြေညာစာတမ်းထဲတွင် ထည့်သွင်းရေးသား၍ ထပ်မံ ပုံဖျက်ခဲ့ကြပြန်သည်။

သို့သော် ဒေသခံ တိုင်းရင်းသား အသိုင်းအဝိုင်းများ၊ အာဖရိက-ကိုလံဘီယာ သွေးနှောသူများ၊ တောင်သူလယ်သမား၊ အမျိုး သမီးများ၊ လိင်တူ/လိင်ကွဲ မခွဲခြားစေလိုသူများက မဟာဗျူဟာမြောက် မဲဆန္ဒနယ် အများအပြားတွင် ပီထရိုနှင့် မားကွစ် တို့  ဘက်မှ အခိုင်အမာ ရပ်တည်၍ အသည်းကြားက မဲတစ်ပြားကို ပေးခဲ့ကြသည်။ လက်ယာအုပ်စု၏ အပုပ်ချ လှုံ့ဆော်မှု တစ်ခု တလေမှ မအောင်မြင်ခဲ့ပေ။

ခြုံငုံပြောရမည်ဆိုသော် ပီထရိုနှင့် မားကွစ်တို့၏ ရွေးကောက်ပွဲအောင်ပွဲသည် ကိုလံဘီယာ အတွက်သာမက လက်တင် အမေရိက ဒေသတွင်းရှိ လူသားအားလုံးအတွက်ပါ အောင်ပွဲဖြစ်ပြီး ယင်းဒေသတွင် ပန်းရောင်ဒီရေလှိုင်းတစ်ခု၏ အစမှတ် တစ်ခု ဟူ၍ ယူဆရပေသတည်း။        ။

Source: Aljazeera

(အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Tatiana Garavito နှင့် Nathan Thanki တို့၏ အတွေးအမြင်ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်။