CNI Article News
၂၀၂၂ ခုနှစ်၊ ဧပြီ ၉
သင်္ကြန်ဟာ သင်္က္တဆိုတဲ့ ပါဠိပုဒ်ကနေလာတဲ့ သက္ကတရရစ်သံနဲ့ သင်္ကြန်ဆိုတဲ့ မြန်မာစကား ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
သင်္က္တရဲ့အနက်အဓိပ္ပါယ်ကတော့ ကူးပြောင်းခြင်း၊ တစ်နေရာမှတစ်နေရာကို ရောက်ရှိခြင်းပဲ ဖြစ်တဲ့အတွက် သင်္ကြန်ဟာ နှစ်ဟောင်းကုန် နှစ်သစ်ကူးပြောင်းတဲ့ ပွဲတော်တစ်ခုပါ။
တခူးလမှာ သင်္ကြန်ပွဲတော်ကို မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပလေ့ ရှိတတ်ကြပြီး သင်္ကြန်ပွဲတော်ကို တိုင်းရင်း သား ပေါင်းစုံကလည်း သူတို့ရဲ့ ရိုးရာဓလေ့ကိုယ်စီနဲ့ ကျင်းပလေ့ ရှိတတ်ကြပါတယ်။ ဒီအထဲကမှ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဟာလည်း တမူထူးခြားတဲ့ နှစ်သစ်ကူးရိုးရာ သင်္ကြန်ပွဲတော် ဖြစ်ပါတယ်။
ရခိုင်တို့ရဲ့ ရိုးရာသင်္ကြန်မှာတော့ သင်္ကြန်အကြိုနေ့ ရောက်တာနဲ့ အမျိုးသား၊ အမျိုးသမီးတွေ စုပေါင်းပြီး ဘုရားရေသပ္ပာယ်ဖို့ နံ့သာဖြူ၊ နံ့သာနီတွေကို တပျော်တပါး သွေးကြလေ့ရှိပါတယ်။
အဲဒီနေ့ကိုတော့ 'နံ့သာသွီးနိ' (မြန်မာလို နံ့သာသွေးနေ့)လို့ သတ်မှတ်ထားကြတယ်လို့ ကဗျာဆရာ စစ်တွေညိုသန့်က ပြောပါ တယ်။
ကဗျာဆရာ စစ်တွေညိုသန့်က “ရပ်ရွာတိုင်းမှာ လမ်းဆုံလမ်းခွတွေမှာ စုပြီးတော့ တီးမှုတ်ကခုန်ပြီးတော့ ဧည့်ခံကျွေးမွေး ရေးတွေပါ ပါတယ်။ လှပျိုဖြူ ကလေးတွေက ကျောက်ပျဉ်ကိုယ်စီနဲ့ အမွှေးနံ့တွေ စုကြပါတယ်။ အဲဒီအမွှေးနံ့သာတွေကို စုပေါင်းပြီး သိမ်းဆည်းထားတယ်။ နောက်တစ်နေ့မှာ စီတန်းပြီးတော့ အဲဒီအမွှေးနံ့သာတွေကို သယ်ဆောင်ပြီးတော့ ပဒေသာ ပင်မှာ လှူဖွယ်ဝတ္ထုတွေ ချိတ်ဆွဲပြီး တီးမှုတ်ကခုန်ပြီးတော့ ကျောင်းကန်ဘုရား သွားကြပါတယ်။ ကျောင်းမှာရှိတဲ့ ဘုရားဆင်း တုတော်တွေကို ရေသပ္ပါယ်ပါတယ်။ ဒါပေမယ့်ကျနော်တို့က ဒေသပြော စကားအနေနဲ့ သပ္ပါယ်ဆိုတဲ စကားကို မသုံးဘဲ ဘုရားရီချိုး(ဘုရားရေချိုး)လို့ ခေါ်ပါတယ်။ အဲဒီလို ဘုရားရေ သပ္ပါယ်ပြီးလို့ရှိရင် အမွှေးနံ့သာတွေ ပက်ဖြန်းကြပါတယ်။ ပြီးတော့မှ ပဒေသာပင်မှာပါတဲ့ လှူဖွယ်ဝတ္ထုတွေကို ဆရာတော်ဘုရားကို ကပ်လှူတယ်။ ကျောင်းဝင်း၊ ပရဝဏ်တွေကို သန့် ရှင်းပြီးတော့ သက်ကြီးရွယ်အိုတွေက ဥပုသ်သီလ စောင့်တည်ကြပါတယ်။ လူငယ်တွေကတော့ အဲဒီနေ့ကစပြီးတော့ ရေ လောင်း မဏ္ဍပ်ဝင်ကြပါတယ်” လို့ ပြောပါတယ်။
လောင်လှေထဲ ရေများသိုလှောင်၍ ပက်ဖျန်းခြင်းက ရခိုင်သင်္ကြန်၏ ရိုးရာတစ်ခုဖြစ်
လူပျိုကာလသားတွေကတော့ တစ်နှစ်တာအတွင်း သူတို့ရင်တွင်း ခံစားချက်တွေဖြစ်တဲ့ လူထုနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ နိုင်ငံ ရေး ၊ လူမှုရေး ၊ စီးပွားရေးတို့အပြင် အချစ် ခံစားချက်တွေကို ရင်ဖွင့်တဲ့အနေနဲ့ သံချပ်တွေ ထိုးကြပါတယ်။
ရပ်ရွာတိုင်းနီးပါးမှာ ရေလောင်း မဏ္ဍပ်တွေကို ဆောက်လုပ်ထားကြပြီး လောင်းလှေမှာ ရေတွေ ဖြည့်ထားကြ အမျိုးသမီးတွေ က တဖက် အမျိုးသားတွေက တစ်ဖက် ရေကစား ကြပါတယ်။
အမျိုးသမီးတွေက တူညီသင်္ကြန် အဝတ်အစားတွေကို ဝတ်ဆင်ပြီး မဏ္ဍပ်အတွင်းကနေ ကစားရသလို အမျိုးသား တွေက တော့ မဏ္ဍပ်ရှေ့က သွားရောက်ပြီးတော့ အဖွဲ့လိုက် ရေပက်ကစား ကြပါတယ်။
လောင်းလှေနဲ့ ရေပက်ကစားကြတာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။
“သူတို့သဘောကျတဲ့ မိန်းကလေးတွေကို သင်္ကြန်ကာလမှာ မဏ္ဍပ်ထဲမှာရှိတဲ့အချိန်မှာ မဏ္ဍပ်ရှင်မဆိုတာ ရှိပါတယ်။ အဲဒီ မဏ္ဍပ်ရှင်မဆီမှာ ခွင့်တောင်းယူပြီးတော့ ယောကျာ်းလေးတွေက မဏ္ဍပ်အပြင်ကနေပြီး ရင်ခေါင်းအမြင့်ရှိတဲ့ အကာအရံ ရှိပါ တယ်။ အတွင်းကိုဝင်ပြီး ကျော်လို့ မရအောင်။ အဲဒီကနေပြီးတော့ ပက်တယ်။ မိန်းကလေးတွေကတော့ လောင်းလှေကြီးနား က မတ်တပ်ရပ်ပြီး ပက်ပါတယ်။ တချို့ကမသိရင် လောင်းလှေ အလယ်မှာ ထားပြီးတော့ ဟိုဘက် ဒီဘက် အဲ့ဒီလို မဟုတ် ပါဘူး။ ရေပက်ရင်း သီချင်းတွေဘာတွေဆို။ ရင်တွင်းဖြစ် ခံစားချက်တွေကိုလည်း ဖွင့်ဟလေ့ ရှိပါတယ်။ မိန်းကလေးတွေ ဘက်ကလည်း အဖြေပေးတဲ့အခါမှာ မိမိဒါကို လက်ခံတယ်ဆိုရင် ရေပြန်ပက်ပေးပါ။ ဒါမှမဟုတ် ခေါင်းမှာပန်ထားတဲ့ စံပယ် ကုံးတွေပေးပါ။ မဟုတ်ရင် နာမည်လေးဖွင့်ပြောပါ။ အဲဒီလို ဝင်္ကဝုတ္တိနည်းနဲ့ ပရိယာယ်နဲ့ တောင်းတာရှိပါတယ်”လို့ ပြောပါ တယ်။
ရေလောင်း မဏ္ဍပ်ရဲ့ ထူးခြားချက် တစ်ခုကတော့ မဏ္ဍပ်ရှင်မလို့ခေါ်တဲ့ မဏ္ဍပ်အုပ်ထိန်းသူ အမျိုးသမီးကြီးတွေက ရေပက် ကြမယ့် ရခိုင်မိန်းမပျိုတွေကို အုပ်ထိန်းရတဲ့ ဓလေ့ရှိပါတယ်။
ဒါဟာ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ရဲ့ ချစ်စရာကောင်းလှတဲ့ အလေ့အထ တစ်ခုဖြစ်သလို ထူးခြားတဲ့ အမှတ်သားတစ်ခုလည်း ဖြစ်ပါတယ်။
ရခိုင်သင်္ကြန် မဏ္ဍပ်
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်မှာ တခြားရိုးရာ သင်္ကြန်ပွဲတော်တွေနဲ့ မတူတဲ့ ထူးခြားတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ အဲဒါ ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ ရေပက်ကစားကြတာပါပဲ။
“နှစ်ဆန်းတစ်ရက်နေ့ဆိုရင် သင်္ကြန်ကျင်းပလာတာ နောက်ဆုံးနေ့ဆိုပြီးတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ် သဘောမျိုး အစွမ်းကုန် ပျော်ကြပါးကြပါတယ်။ လူပျို ကာလသားတွေကလည်း တောင်းထားတဲ့ အဖြေကို နောက်ဆုံးရက်မှာ ရလိမ့်မယ် လို့ မျှော်လင့်ချက်နဲ့ အဲ့ဒီလိုဟာမျိုး ရှိမယ်ထင်ပါတယ်။ မိန်းကလေးတွေကလည်း ဒီနေ့ကတော့ အဖြေပေးလိုက်ရမလား ငြင်း ကို ငြင်းလိုက်ရမလား ဆိုတာမျိုးနဲ့ အဆုံးအဖြတ် ပေးမယ့်နေ့ပေါ့။ ရင်ခုန်စရာ ပိုပြီး ကောင်းပါတယ်။ ကျနော်တို့က အလှူ အတန်းတွေကို အိမ်နီးနားချင်းတွေကို ရိုးရာမုန့်တွေ ဝေငှပေးတာကို သင်္ကြန်တွင်းကာလမှာ နေ့တိုင်းလိုလို လုပ်ထားတော့ နှစ်ဆန်းတစ်ရက်နေ့မှာ သီးသန့်တော့ မလုပ်ဖြစ်ကြတော့ပါဘူး။ ဒါပေမယ့် သက်ကြီးပူဇော်ပွဲကိုတော့ နှစ်ဆန်းတစ်ရက်နေ့မှာ လုပ်တယ်။ အလှူအတန်းတွေ လုပ်ကြပါတယ်။ သင်္ကြန်လည်း ရေပက်ကစားတာကို နောက်ဆုံးနေ့မှာ နှစ်ဆန်းတစ်ရက်နေ့ အထိ ရေပက်ပြီးတော့ ကစားကြပါတယ်” လို့ ပြောပါတယ်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်တွင် သင်္ကြန်စာအဖြစ် မုန့်လုံးရေပေါ်များ ပြုလုပ်ကာ ပေးဝေစားသောက်လေ့ ရှိကြပါတယ်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်မှာလည်း မုန့်ကြာစေ့၊ မုန့်ချိုလုံးတို့ ပြုလုပ်ကြပြီး ရခိုင်မုန့်တီနှင့် ကြာဇံသုပ်တို့လည်း ပြုလုပ်ကာ ပေးဝေစားသောက်လေ့ ရှိကြပါတယ်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်လေ့ရှိပြီး ရခိုင် အစားအစာတွေ ရောင်းချတဲ့ ဆိုင်ခန်းပေါင်း အများအပြားလည်း ပါဝင်ပါတယ်။
ရန်ကုန်မှာ ကျင်းပလေ့ရှိတဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲမှာတော့ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ မာန်အောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေ ကိုယ်စားပြုတဲ့ ရေပက် မဏ္ဍပ် တွေ၊ ရခိုင်မောင်မယ် အသင်းတွေကို ကိုယ်စားပြုတဲ့ ရေပက်မဏ္ဍပ်တွေနဲ့ ကျင်းပလေ့ ရှိကြပါတယ်။