CNI Article

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀

လက်ရှိ မြန်မာနိုင်ငံသည် အရပ်သားအစိုးရ (သို့မဟုတ်) ရွေးကောက်ခံ အစိုးရမရှိဘဲ နိုင်ငံကို မောင်းနှင်လျက်ရှိ သည်။

ထိုအခြေအနေကြောင့် နိုင်ငံအတွင်းမှာ နိုင်ငံ‌ရေး တည်ငြိမ်မှုမရှိဘဲ လက်နက်ကိုင်တိုက်ပွဲများက နိုင်ငံအနှံ့အပြား တွင် ဖြစ်ပွားကာ စစ်ဘေးရှောင်များကလည်း ၃ သန်းကျော်ထိ ရှိလာသည်။ ထိုစစ်ပွဲများကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ဟိုတယ်များ ပျက်စီးဆုံးရှုံးနေသလို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးလည်း အလွန်အားနည်းလျက်ရှိသည်။

ထို့နောက် ဒေသတစ်ခုနှင့်တစ်ခု လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်များ မရှိတော့သည့်အတွက် ကုန်သွယ်ရေး ကျဆင်းခြင်းနှင့်အတူ လူမှုစီးပွားလည်း ကျဆင်းလျက်ရှိနေပြန်သည်။

ထိုကဲ့သို့ အထွေထွေ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကလည်း ထပ်မံကျရောက်ခဲ့ပြန်သည်။ ၂၀၂၃ ခုနှစ်က ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း အန္တရာယ်ကို ရင်ဆိုင်ရပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ မပြီးမြောက်ခင် ၂၀၂၄ ခုနှစ်၌ ရေဘေးသင့် ပြည်သူများဖြစ်ခဲ့ပြန်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်ဘေးကြောင့် ထိခိုက်မှုများကို ကူညီကယ်ဆယ်ရေး လုပ်နေကြစဉ်

ယခုနှစ် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာတော့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၆၄၅ ဦးသေဆုံးပြီး ၅၀၁၇ ဦးထိခိုက်ဒဏ်ရာရ၍ ၁၄၈ ဦးပျောက်ဆုံးနေသည်ဟု ဧပြီ ၈ ရက် ညပိုင်းတွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။(ကိန်းဂဏန်းများ ဆက် လက် တိုးပွားလာနိုင်ပါသည်)။

အလားတူ လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ အစိုးရရုံး အဆောက်အအုံများ၊ ဝန်ထမ်း(အစိုးရ)အိမ်ယာများ ပြိုကျပျက်စီးဆုံးရှုံးခဲ့ရသည်။

အဆိုပါ ငလျင်သည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်လျှောက်ကို လှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ပွဲကင်းမဲ့ဇုန်အဖြစ် ရှိနေသလို မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေးမြို့တော်နှင့် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် မန္တလေး၊ နေပြည်တော်ကို အထိနာစေခဲ့သည်။

ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ငလျင်ဘေးကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၁၇ သန်း နှင့် သန်း ၂၀ ကြား လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်လာနိုင်ကြောင်း၊ အထူးသဖြင့် ငလျင် ဒဏ်ကို အဓိက ခံစားလိုက်ရသော မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အဝန်းအဝိုင်းမှ လူပေါင်း  ၉ သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နိုင်သည်ဟု ပြောကြားထားသည်။

မည်သို့ပင်ဆိုစေကာမူ ငလျင်ဘေးကြောင့် (၁) စီးပွားရေး ပိုမိုကျဆင်းနိုင်၊ (၂) အလုပ်လက်မဲ့ ပိုမိုများပြားလာနိုင်၊ (၃) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုမိုများပြားလာနိုင်၊ (၄) လူမှုဝန်ဆောင်မှုများနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမို အားနည်းလာနိုင်၊ (၅) အသေးစားနှင့်အလတ်စား လုပ်ငန်းများ အများအပြား ရပ်တန့်သွားနိုင်၊ (၆) ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ကျဆင်းနိုင်၊ (၇) အကူအညီ လိုအပ်သူ (ဒုက္ခသည်)ပိုမို များပြားလာနိုင်၊ (၈) ခိုဆိုးလုယက်မှု ပိုမိုများပြားလာနိုင်၊ (၉) တရားဥပဒေစိုးမိုးရေး ပိုမိုကျဆင်းလာနိုင် စသည့် အခြေအနေများကို ကြုံတွေ့လာရနိုင်သည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ကုလအထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့ကို တွေ့ရစဉ်

ထိုအခြေအနေများကို ကျော်လွှားနိုင်ဖို့ဆိုလျှင် (၁) ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အားကောင်းရန်လိုအပ်မည်၊ (၂) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး အားကောင်းရန်လိုအပ်မည်၊ (၃) စစ်ပွဲများ လျှော့ကျ/လျော့ကျရန် လိုအပ်မည်၊ (၄) နိုင်ငံတကာ အကူအညီများ ရရှိရန်လိုအပ်မည်၊ (၅) ဒေသ တွင်း ပြည်သူလူထုများ စည်းလုံးညီညွတ်ရန်နှင့် ဖေးမကူညီမှုများ အားကောင်းရန်လိုအပ်မည်၊ (၆) ကုန်စျေးနှုန်း တည်ငြိမ်အောင် ထိန်းနိုင်ရန်လိုအပ်မည်၊ (၇) လမ်းတံတားနှင့် ဆက်သွယ်ရေး ကွန်ရက်များ အမြန်ဆုံးပြန်လည် ကောင်းမွန်ရန် လိုအပ်မည် ဖြစ်သည်။

ထို့ပြင် (၈) အစိုးရယန္တရာယ်များ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရန်လိုအပ်မည်၊ (၉) အခြေခံ အဆောက်အအုံ များ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန်လိုအပ်မည်၊ (၁၀) လျှပ်စစ်မီး အများစု ပြန်လည် ရရှိရန်လိုအပ်မည်၊ (၁၁) အသေးစားနှင့်အလတ်စား လုပ်ငန်းများ ပြန်လည် ရပ်တည်နိုင်ရေး ကူညီပေးရန်လိုမည်၊ (၁၂) လူမှု ဝန်ဆောင်မှု လုပ်ငန်းများနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ လည်ပတ်နိုင်ရန် လိုအပ်မည်၊ (၁၃) စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရှိရန်လိုအပ်မည်၊ (၁၄) နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လိုအပ် မည် စသည့် အခြေအနေများလိုအပ်သည်။

အဆိုပါ အခြေအနေများကို မတည်ဆောက်နိုင်ပါက နိုင်ငံသည် စစ်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေးများ ၏ကြားမှာ စီးပွားရေး ကျဆင်းခြင်းနှင့် အလုပ်လက်မဲ့များခြင်းဖြင့် အလူးအလဲ ရုန်းကန်နေရနိုင်ပါသည်။

ဤကဲ့သို့ အခြေအနေများကြားမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာ အလွန်ခက်ခဲနိုင်ပါသည်။ တခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲသည် အထွေထွေ အကျပ်အတည်းကို ဖြေရှင်းနိုင်းရေးအတွက် နည်းလမ်းတစ်ခုဖြစ်နိုင်၍ ကျင်းပ နိုင်ရေး အားထုတ်လျက်ရှိပြန်သည်။

သို့သော် ပညာရှင်များကတော့ ငလျင်ဘေးနှင့် စစ်‌ဘေး အကျပ်အတည်းကြားမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာ အလွန်ခက်ခဲသည်ဟု ဆိုကြသည်။

အဘယ်ကြောင့်ဆိုသော် တရားမျှတခြင်းနှင့် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရကြည့်ပါက မြန်မာပြည်သူ/သားများသည် ဘေးဥပဒါန်းပေါင်းစုံ ရင်ဆိုင်နေကြရသည့်အတွက်ကြောင့် ဖြစ်သည်ဟု ထောက်ပြကြသည်။

ငလျင်ဘေးသင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြစဉ်

ထိုသို့ မဟုတ်ဘဲ ဘယ်လိုအခြေအနေမျိုး ဖြစ်နေပါစေ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်ဆိုလျှင်တော့ဖြစ် ရွေးကောက်ပွဲ ကျင်းပနိုင်ကောင်း ကျင်းပနိုင်မည်ဖြစ်သော်လည်း လူထုနှင့်နိုင်ငံတကာ၏ ယုံကြည်လေးစားထိုက် သော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုမှု မရနိုင်သလို လွှတ်တော်ကိုယ်စားလှယ်များလည်း ဖြစ်လာနိုင်မည် မဟုတ်ပေ။

လက်ရှိ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များ ဖြစ်ချင်လိုသော သူများသည် ငလျင်ဘေးမှာ လူထုနှင့်ကင်းကွာနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ပြည်သူလူထု ကြုံတွေ့နေရသော အထွေထွေအကျပ် အတည်းများတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များ ဖြစ်ချင်လိုသူများသည် ပြည်သူလူထု၏ မဲကိုသာ ရလိုသော်လည်း လူထုကတော့ဖြင့် မဲထည့်ရန် ယုံကြည်မှု ကင်းမဲ့နေသည်။

ရွေးကောက်ခံအစိုးရ (သို့မဟုတ်) အရပ်သားအစိုးရ မရှိဘဲ စစ်ပွဲများဖြင့် ရင်ဆိုင်နေရသလို စီးပွားရေး ကျဆင်း ခြင်း၊ မတူညီသော ကပ်ဘေးပေါင်းစုံဖြင့် ရင်ဆိုင်နေရသော နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာ အလွန် ခက်ခဲနိုင်ကြောင်း ပညာရှင်များကလည်း ထောက်ပြလျက်ရှိသည်။

သို့သော် မတူညီသော ကပ်ဘေးများနှင့် စစ်ပွဲများကြောင့် မတည်ငြိမ်ဖြစ်နေသည့် နိုင်ငံတွင် (၁) စီးပွားရေး တည်ငြိမ်မည်၊ (၂) ကပ်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများနှင့် အကူအညီလိုအပ်နေသူများအတွက် ပြန်လည် ထူထောင်ရေးကို လုပ်ပေးနိုင်မည်၊ (၃) အခြေခံ အဆောက်အအုံ(အစိုးရရုံးများ၊ လမ်းတံတားများ၊ မဲရုံများ၊ ကျန်း မာရေးနှင့် ပညာရေး အဆောက်အအုံများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ လွှတ်တော်)များ ပြန်လည် တည်ဆောက် ပေးနိုင်မည်၊ (၄) ရွေးကောက်ပွဲ ကျင်းပမည့် ဧရိယာများ လုံခြုံမှုရှိနေခြင်း သို့မဟုတ် တည်ငြိမ်အေးချမ်းနေခြင်း၊ (၅) နိုင်ငံတကာနှင့် ပြည်သူလူထုက ရွေးကောက်ပွဲကို လိုအပ်သည်ဟု ယုံကြည်လက်ခံနေခြင်း စသည့် အခြေခံ အချက်များရှိလျှင် ရွေးကောက်ပွဲကျင်းပရန် အဆင်ပြေနိုင်သည်ဟု ပညာရှင်များက ထောက်ပြကြသည်။

နိုင်ငံ‌ရေးပါတီ ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ဟေတီနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ယနေ့ အချိန်ထိ လုပ်နေရဆဲ (မပြီးမြောက်သေးပေ)ဖြစ်သည်။ 

ငလျင်ဘေးသင့် နိုင်ငံများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရာ၌ အဓိကအနေဖြင့် အောက်ပါ ကဏ္ဍများကို ထည့်သွင်းစဉ်းစားလေ့ရှိကြောင်း သိရသည်။

(၁) အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း

    အိမ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ လမ်းများနှင့်တံတားများ၊ ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်တည်ဆောက်ခြင်း။
    သန့်ရှင်းသော ရေနှင့်လျှပ်စစ်မီး ရရှိရေးအတွက် စီမံကိန်းများ။

(၂) လူမှုရေး ပြန်လည်ထူထောင်ရေး

    စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့် ကုသမှုပေးခြင်း။
    အိုးအိမ်မဲ့သူများအတွက် အကူအညီများ။
    ကလေးများနှင့် အားနည်းသူများအတွက် အကာအကွယ်ပေးခြင်း။

(၃) စီးပွားရေး ပြန်လည်ထူထောင်ရေး

    အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။
    အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေးကူညီခြင်း။
    လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကို ပြန်လည်ထူထောင်ခြင်း။

(၄) ဘေးအန္တရာစီမံခန့်ခွဲမှု
    နောက်ထပ် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ။
    ဘေးအန္တရာယ် သတိပေးစနစ်များ တည်ဆောက်ခြင်း။
    အရေးပေါ် တုန့်ပြန်မှုစနစ်များ တိုးတက်စေခြင်း။

စသည်တို့ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တည် ဆောက်နိုင်ရန် လိုအပ်နေသည်။ ထိုလုပ်ငန်းစဉ် ၂ ရပ်သည် နိုင်ငံတကာ အကူအညီမရလျှင် လုပ်ဆောင်နိုင်ရန် မလွယ်ကူပေ။

ထို့ကြောင့် ငလျင်ဘေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး မျှော်မှန်းချက်သည် မည်သို့ ဖြစ်လာနိုင်သလဲ၊ အရပ်သား အစိုးရ (သို့မဟုတ်) ရွေးကောက်ခံ အစိုးရမရှိသော နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဝန်ဆောင်မှုများသည် မည်သို့ ဖြစ်လာနိုင်သလဲ၊ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် မည်သို့ဖြစ်လာနိုင်သလဲ။

အလားတူ အကျပ်အတည်းများကြားက ရွေးကောက်ပွဲကျင်းပလျှင် မည်သို့ဖြစ်လာနိုင်သလဲ၊ ရွေးကောက်ပွဲ ကျင်းပ ပြီး အစိုးရတစ်ရပ် ပေါ်ပေါက်လာပါက တက်လာမည့် အစိုးရက မြန်မာနိုင်ငံ၏ အထွေထွေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသလား၊ အကျပ်အတည်းများဖြစ်နေ၍ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် မြန်မာနိုင်ငံ ဘယ်လိုဖြစ်သွားနိုင်ပါသလဲ....?