CNI News

ဆောင်းပါး -၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၅

အမေရိကန်နဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)ဝင်နိုင်ငံတွေက တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ ဆုတ်ခွာခဲ့ပြီးနောက်မှာတော့ အာဖဂန်နစ္စတန် နိုင်ငံတဝှမ်းမှာ ကျယ်ပြန့်လာတဲ့ အစ္စလာမ်မစ် အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ ခြိမ်းခြောက်မှု အသစ်နဲ့ ရင်ဆိုင်နေရပါတယ်။

အာဖဂန်ကို ပြန်လည်လွှမ်းမိုးလာတဲ့ တာလီဘန်အဖွဲ့အနေနဲ့ အကြမ်းဖက်အဖွဲ့တွေကို လက်မခံဘူးဆိုပြီး ရုရှားကို ကတိခံကာ အာဖဂန်ကို လွှမ်းမိုးဖို့ ကြိုးစားလာပေမယ့် သူ့ အနေနဲ့ သူတစ်ဖွဲ့တည်း အထီးကျန်ဆန်စွာ ရပ်တည် ဦးမယ့် ပုံစံမျိုး မတွေ့ရသေးဘူးလို့ အကဲခတ်တွေက ဆိုကြပါတယ်။ အာဖဂန်ရဲ့ ငြိမ်းချမ်းရေးဆိုတာကလည်း တကယ်ပဲ အဓိပ္ပာယ်မရှိတဲ့ ကိစ္စလိုဖြစ်နေတာပါ။

ဇူလိုင်လ ၁၆ ရက်နေ့တုန်းကတော့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန် သံအမတ်ရဲ့ သမီးဖြစ်သူ မစ္စ ဆီစီ လာ အာလီခေလ် (Ms.Silsila Alikhil)ဟာ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မဘတ်မြို့လယ်မှာ နေ့လယ်ကြောင်တောင် ပြန်ပေးဆွဲခံရပြီး ၆ နာရီကြာ ညှင်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။

ဒါဟာ ပါကစ္စတန်လို နိုင်ငံဟာ သံတမန်တွေအတွက်တောင် မလုံခြုံဘူးဆိုတဲ့ ခေါင်းလောင်းထိုး သတိပေးသံ ထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။ အာဖဂန်နိုင်ငံခြားရေးဝန်ကြီး ဌာနက သူ့သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့ပြီး  ပြင်းထန်စွာ ညှင်းပန်းခံရတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန်ဘက်ကတော့ အဲဒီအမျိုးသမီးက ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ငြင်းဆန်ခဲ့ ပါတယ်။ အကဲခတ်တချို့ကတော့ ငြင်းဆန်မှုဆိုတာ ပါကစ္စတန်ရဲ့ လက်နက်ပဲဖြစ်ပြီး အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ကြည့်ရင် ပါကစ္စတန်အနေနဲ့ ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် နောက်ပိုင်းကျရင် ဖြစ်ရပ်တွေက ဆက်စပ်နှီးနွှယ်မှု ရှိတယ်ဆိုတာ ပေါ်လာတယ်လို့ ထောက်ပြကြတယ်။

ပြီးခဲ့တဲ့နှစ်တွေ တုန်းကလည်း အိန္ဒိယ သံတမန်တွေရဲ့ မိသားစုဝင်တွေဟာ နှောင့်ယှက်ခံရတာတွေ ရုပ်ပိုင်းဆိုင် ရာ တိုက်ခိုက်ခံရမှုတွေ ကြုံခဲ့ရပါသေးတယ်။

ဒီပလိုမက်နဲ့ သံတမန် အသိုင်းအဝိုင်းတွေ နေထိုင်ရာ နေရာတွေဟာ ကမ္ဘာနဲ့တဝှမ်းမှာတော့ အန္တရာယ်ကင်းတဲ့ ဇုံအဖြစ် သတ်မှတ်လေ့ရှိပေမယ့် ပါကစ္စတန်နိုင်ငံမှာတော့ ဒီလို အခြေအနေမျိုး မဟုတ်ပါဘူး။ ပါကစ္စတန်က သံတမန်တွေ နေတဲ့နေရာတွေဟာ အန္တရယ်ကင်းဇုံမဟုတ်ဘဲ တခြား နာမည်တခု ပေးရမလိုတောင် ဖြစ်နေပါတယ်။

တချိန်တည်း ပါကစ္စတန်နဲ့ အာဖဂန်ဆက်ဆံရေးကို ပြန်ကြည့်ရင် ခုရက်သတ္တပတ်တွေ အတွင်းမှာပဲ နှစ်နိုင်ငံ ဆက်ဆံရေးက အတော့်ကို ဆိုးရွားလာနေတာပါ။

အာဖဂန်နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ တာလီဘန်တွေနဲ့ စစ်သွေးကြွတွေ့ရဲ့ တိုက်ခိုက်မှုတွေမှာ ပါကစ္စတန်နိုင်ငံက အဲဒီအဖွဲ့တွေကို ပံ့ပိုးမှုတွေပေးထားပြီး ခိုလှုံခွင့်တွေပါ ပေးထား တယ်လို့ အာဖဂန်ဘက်က ပြောပါတယ်။

ပါကစ္စတန်-အာဖဂန် နယ်စပ်တလျှောက်ဒေသတွေဟာ အကြမ်းဖက်သမားတွေ ကွန်းခိုရာ နေရာတွေဖြစ်ပြီး အကြမ်းဖက်သမား ထုတ်လုပ်ရေးစက်ရုံတွေလိုတောင် ဖြစ်နေတယ် လို့ တချို့က ညွှန်းဆိုကြပါတယ်။

ပါကစ္စတန်ဘက်ကတော့ တန်ပြန်စွဲချက်လုပ်လေ့ရှိပါတယ်။ ပါကစ္စတန်ကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေကို အာဖဂန်က ခိုလှုံခွင့် ပေးနေတယ်ဆိုပြီးတော့ပါ။အိုစမာဘင်လာဒင် တုန်းကလည်း ပါကစ္စတန်နိုင်ငံမှာပဲ ခိုလှုံနေခဲ့စဉ် အမေရိကန်က သုတ်သင်နိုင်ခဲ့တာပါ။

အခုအမေရိကန်နဲ့ နေတိုးတပ်တွေ ဆုတ်ခွာပြီးနောက် အာဖဂန်အခြေအနေကိုကြည့်ရင် မြေပြင်မှာ တာလီဘန် တွေ အသာရနေတဲ့အတွက်လည်း ပိုမိုပြင်းထန် ကြမ်းရှတဲ့အမိန့် တွေက အာဖဂန်မှာ ပေါ်လာဦးမှာ ဖြစ်ပါတယ်။  လတ်တလောမှာပဲ တာလီဘန်တွေဟာ  အသက် ၁၅ နှစ် နဲ့ ၄၅ နှစ်အကြား အမျိုးသမီးတွေကို သူတို့ တပ်ဖွဲ့ဝင်တွေနဲ့ လက်ထပ် ပေးဖို့ ဆင့်ခေါ်ခဲ့ ပါသေးတယ်။

အာဖဂန်တပ်ဖွဲ့တွေကတော့ သူတို့ရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ တိုက်ပွဲဆိုင်ရာ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်း ခြင်းကြောင့် မြေပြင်မှာ အရှူံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချိန် တည်းမှာလည်း တာလီဘန်တွေဟာ လူသူ အင်အား စုဆောင်းမှုတွေကို အလွန်အကျွံ လုပ်လာနေတာပါ။

ဘယ်လောက်တောင် လုပ်နေသလဲဆိုရင် တကယ်လို့ မိသားစု တစ်စုဆိုပါစို့။ အစ်ကိုဖြစ်သူက အာဖဂန်တပ်ထဲ တပ်ဖွဲ့ဝင်အဖြစ် အမှုထမ်းနေရင် ညီဖြစ်သူက တာလီဘန်တွေရဲ့  စစ်သားစုဆောင်းခံနေရပြီး ပါကစ္စတန်မှာရှိတဲ့ အကြမ်းဖက်သမား ထုတ်လုပ်ရေး စက်ရုံတွေမှာ တာလီဘန် တိုက်ခိုက်ရေးသမားအဖြစ် လေ့ကျင့် သင်ကြားပေး မှုကို ခံနေရတယ် လို့တောင် ဆိုနေကြပါတယ်။

ကိုးကား။  ။ Afghsnistan Turmoil, Mohsin Javed

BBC News, Daughter of Afghan envoy kidnapped and injured in Pakistan 

#တာလီဘန် #အာဖဂန် #ပါကစ္စတန် #စစ်ရေး #နိုင်ငံရေး #လူသစ်စုဆောင်း #ဆောင်းပါး #အမေရိကန် #တိုက်ပွဲ #အကြမ်းဖက်မှု #CNImyanmar #cninews