CNI International Article

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀

ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ နှစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ပါလီမန်တွင် ဝန်ကြီးချုပ်ရာထူး နေရာအတွက် မဲပေးရွေးချယ်မှုသည် မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသဖြင့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမက်နျူအာမာသာ (Wan Muhamad Noor Matha) သည် ဇူလိုင် ၁၇ ရက်တွင် ပြုလုပ် ရန် စီစဉ်ထားသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုကို ရွှေ့ဆိုင်းခဲ့သည်။

Move Forward (MFP) ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ်ရာထူး အတွက် အမည်စာရင်း တင်သွင်းမှု ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက မည်သို့ စီရင်ဆုံးဖြတ်မည်ဆိုခြင်းကို မာသာက စောင့်ဆိုင်းနေခြင်းလည်းဖြစ်သည်။

အစိုးရအား မကျေနပ်ချက်များကို တင်ပြရန် အစိုးရက ခန့်အပ်ထားသည့် အရာရှိ (Ombudsman) က တင်သွင်းသည့် အသနားခံစာကို ခုံရုံးက လက်ခံခဲ့သည်။ 

အထက်လွှတ်တော်ကို ဆန္ဒပြနေကြတဲ့ ပီတာနဲ့ MFP ပါတီထောက်ခံသူများကိုတွေ့ရစဉ်

ဇူလိုင် ၁၉ ရက်က ပီတာအား ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် အမည်စာရင်းတင်သွင်းခွင့်ကို ပိတ်ပင်ခဲ့မှုသည် လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အသုံးချခဲ့ခြင်း ရှိ/မရှိကို ခုံရုံးက လက်ခံဆုံးဖြတ်မည်လော သို့မဟုတ် ပယ်ချမည်လော ဆိုခြင်းမှာ ရေရာစွာ မသိရသေးပေ။

ဇူလိုင် ၁၃ ရက်က ပီတာ၏ ပထမအကြိမ် ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းမှုတွင် အထက်လွှတ်တော်က ၂၀၁၇ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးပြုခဲ့ပြီး ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရေး ရည်မှန်းချက်ကို တားဆီးခဲ့သည်။

ပီတာအနေနှင့် ဝန်ကြီးချုပ်ရာထူး နေရာအတွက် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ မဲ လိုအပ်သည်။ သို့သော် အထက်လွှတ်တော် အမတ်များက မဲမပေးဘဲ လက်ရှောင်ခဲ့သဖြင့် ပီတာသည် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့သည်။ 

ပီတာသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများပိုင်ဆိုင်မှု စွဲချက်နှင့်ပတ်သက်ပြီး တရားရင်ဆိုင်နေချိန်တွင် MFP သည် ဖြူးထိုင်းပါတီအား အစိုးရအဖွဲ့ ဖွဲ့စည်းမှုကို ဦးဆောင်ရန် လမ်းဖယ်ပေးခဲ့သည်။

ကွန်ဆာဗေးတစ်များကမူ MFP ကို ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပယ်ရန် ဖြူးထိုင်းကို ဖိအားပေးနေသည်။

ဖြူးထိုင်းနဲ့ MFP ပါ၀င်တဲ့ ညွန့်ပေါင်းအဖွဲ့ကိုတွေ့ရစဉ်

လက်ရှိ အခြေအနေအရ ထိုင်းဝန်ကြီးချုပ် နေရာအတွက် မဲပေးရွေးချယ်မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေသည်။ 

Ombudsman ၏ အသနားခံစာကို ခုံရုံးက ပယ်ချခဲ့မည်ဆိုပါက သြဂုတ် ၄ ရက်တွင် ဝန်ကြီးချုပ်ရာထူး နေရာ အတွက် မဲပေးရွေးချယ်သည့် လွှတ်တော်အစည်းအဝေး ဖြစ်လာနိုင်သည်။ 

သို့သော် ပီတာကို ပိတ်ပင်ခြင်းသည် ၂၀၁၇ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသည့် လွှတ်တော် အစည်းအဝေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်း ၄၇ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ခုံရုံးက ဆုံးဖြတ်မည်ဆိုပါက ဝန်ကြီးချုပ်ရွေးချယ်မှုသည် ပိုမိုနှောင့်နှေးကြန့်ကြာရန်သာ ရှိသည်။ 

ထို့အတူ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ထဲမှ MFP ကို ထုတ်ပယ်ရန် ကြိုးပမ်းမှုများသည်လည်း အာဏာလွန်ဆွဲမှုများဖြစ်ပွားပြီး ဝန်ကြီးချုပ် ရွေးချယ်ရေးလမ်းစဉ်အား ပိုမို ရှုပ်ထွေးစေမည် ဖြစ်သည်။

ထိုင်းနိုင်ငံရေး သမိုင်းတွင် အစိုးရသစ်ဖွဲ့စည်းရန် နှောင့်နှေးကြန့်ကြာမှုများ ရှိခြင်းသည် ပုံမှန်အနေအထား တစ်ရပ် လို ဖြစ်နေသည်။ အတိတ်ကို ပြန်လည် ကြည့်ရှုမည်ဆိုပါက ထိုင်းတွင် ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် ပုံမှန်အား ဖြင့် ၁၀ ရက်မှ ရက်ပေါင်း ၃၀ အတွင်း ကြာမြင့်ခဲ့သည်။ 

၁၉၉၂ ခုနှစ်၊ စက်တင်ဘာလက ဒီမိုကရက်တစ် ခေါင်းဆောင်ဟောင်း ချန် လီခ်ပိုင် (Chaun Leekpai) သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ၁၀ ရက်အတွင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ချန်သည် ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် ၁၆ ရက်ကြာ အချိန်ယူခဲ့ရသည်။

၁၉၉၅ ခုနှစ်တွင် ချတ်ထိုင်းပါတီ (Chart Thai Party) ခေါင်းဆောင် ဘန်ဟန် စီလ်ပါ အာချာ (Banharn Silpa-archa) သည် ဇူလိုင် ၂ ရက် ရွေးကောက်ပွဲပြီးနောက် ၁၁ ရက်အတွင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ပီတာကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံရ တောင်းဆိုနေကြစဉ်

၎င်းနေရာကို ဆက်ခံသည့် New Aspiration ပါတီ ခေါင်းဆောင်သည် ၁၉၉၆ ရွေးကောက်ပွဲပြီးနောက် ရှစ်ရက် အကြာတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။

Thai Rak Thai ပါတီ ခေါင်းဆောင် သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နှင့် ၎င်း၏ ညီမဖြစ်သည့် ဖြူးထိုင်းပါတီခေါင်းဆောင် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) တို့သည် ၂၀၀၁ ခုနှစ်နှင့် ၂၀၁၀  ပြည့်နှစ် ရွေးကောက်ပွဲများတွင် အသီးသီး အနိုင်ရခဲ့ပြီးနောက် ရွေးကောက်ပွဲအပြီး တစ်လအကြာမှ ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ 

ထို့နောက် ယင်လတ် အစိုးရအဖွဲ့သည် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို ပြဋ္ဌာန်းနိုင်ရန် တွန်းအား ပေး လုပ်ဆောင်ခဲ့မှုကြောင့် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး အာဏာကို လက်လွှတ်ခဲ့ရသည်။

နိုင်ငံရေး ထိပ်တိုက်တွေ့မှုများသည် ၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး  ပရာယွတ် ချန်အိုချာ ဦးဆောင်သည့် အာဏာ သိမ်းမှုဖြင့် အဆုံးသတ်ခဲ့သည်။ 

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင်လည်း ပါလန်းပရာချက် (Palang Pracharat) ပါတီ၏ ကိုယ်စားလှယ် လောင်းဖြစ်သည့် ပရာယွတ်သည် မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲအပြီး ၇၃ ရက်အကြာတွင်မှ ဝန်ကြီးချုပ် ဖြစ်လာပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ 

စစ်တပ်လိုလားသည့် အထက်လွှတ်တော်၏ အကူအညီဖြင့် ပရာယွတ်သည် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ 

ယခုအကြိမ်တွင်လည်း အထက်လွှတ်တော်သည် မဲဆန္ဒရှင်များ၏ သဘောထားကို လက်ခံရန် ငြင်းဆိုခဲ့သည်။

ဖြူးထိုင်းပါတီနှင့် ကွန်ဆာဗေးတစ်များအကြား ပလဲနံပ သင့်နေမှုသည် လူထုကို ဒေါသထွက်စေခဲ့သည်။ 

အထက်လွှတ်တော်၏ အကူအညီဖြင့် ကွန်ဆာဗေးတစ်များသည် အစိုးရအဖွဲ့ထဲတွင် လူနည်းစုအဖြစ် ပါဝင် လာနိုင်သည့် ထင်ကြေးပေးမှုများကလည်း လူထု၏ ဒေါသကို ပိုမိုမြင့်တက်စေမည်ဖြစ်သည်။

နိုင်ငံရေး အားပြိုင်မှုများ ဆက်လက် ဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ထိုင်းပြည်သူများသည် နိုင်ငံ့အကျိုး စီးပွားများထက် ပါတီအရေးနှင့် ကိုယ်ကျိုးစီးပွားများကိုသာ ရှေ့တန်းတင်သည့် မည်သည့် ပါတီကိုမဆို ဆန့်ကျင် ကန့်ကွက်ကြမည်သာ ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်