CNI Sport Article

၂၀၂၃ ခုနှစ်၊ မတ်လ ၁၂

ပီအက်စ်ဂျီအသင်းဟာ ကာတာပိုင်ရှင်တွေ ဝယ်ယူပြီးကတည်းက သူတို့ရဲ့ အိပ်မက်ဟာ ချန်ပီယံလိဂ်ကို ရယူဖို့ ဖြစ်ပါတယ်။

အသင်းပိုင်ရှင်တွေဟာ ဒီအောင်မြင်မှုကို ရယူဖို့အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအပြင် နာမည်ကြီး ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ငွေကြေးသုံးစွဲခဲ့တာမှာ လက်တွန့်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ပီအက်စ်ဂျီ အသင်းဟာ အခုအချိန်ထိ အသင်းပိုင်ရှင်တွေရဲ့ အိပ်မက်ကို မဖြည့်ဆည်းနိုင်သေးတဲ့အပြင် အခုနှစ် ပြိုင်ပွဲမှာ လည်း ၁၆ သင်း အဆင့်ကနေ လှည့်ပြန်ခဲ့ရတာပါ။

ပီအက်စ်ဂျီ အသင်းဟာ ဒီနှစ်ရာသီ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ပွဲအဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာမှာ နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ၂ နှစ်ဆက် ဒီအဆင့်နဲ့ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေဟာ ၂၀၁၂ က အသင်းကို ဝယ်ယူခဲ့ပြီး အချိန်ကနေ အခုအချိန်ထိ ပေါင် ၁ ဘီလီယံ ကျော်သုံးစွဲကာ ကစားသမားတွေ အားဖြည့်ပေးထားတာပါ။

သူတို့ ခေါ်ယူတဲ့ ကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာ့ဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ထိပ်ဆုံး ကစားသမား ၂ ဦးဖြစ်တဲ့ နေမာနဲ့ ဘတ်ပီ၊ ဘောလွန်းဒီအောဆုကို ၇ ကြိမ် ရထားတဲ့ မက်ဆီ၊ ရီးရယ်လ်နဲ့ ချန်ပီယံလိဂ်ဖလား ရယူဖူးတဲ့ အတွေ့အကြုံရှိ ရာမို့စ်တို့ ဖြစ်ပါတယ်။

ဘတ်ပီ၊ နေမာ၊ မက်ဆီကိုတွေ့ရစဉ်

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ အိမ်ကျယ်လို့ ပြောလို့ရတဲ့ ပြည်တွင်းမှာပဲ အောင်မြင်မှုတွေ ရယူနေပြီး ဥရောပမှာတော့ သူတို့ဟာ ဘာမှမဟုတ်တဲ့ အနေအထားကို ရောက်ရှိနေခဲ့တာပါ။

ဂျိုကိုးလ်က “ပီအက်စ်ဂျီအသင်းရဲ့ ပရောဂျက်က ချန်ပီယံလိဂ်ဖလားကို ရယူဖို့ တည်ဆောက်ထားတာ ဖြစ်ပေမယ့် သူတို့ဟာ မိုင်ပေါင်းများစွာ ဝေးကွာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ကို ကြည့်ရတာ ကျရှုံးသွားသလိုပဲ”လို့ BT Sports ကို သူ့ရဲ့ အမြင်ပြောပြခဲ့ပါတယ်။
ပြင်သစ်ကလပ်ဟာ ပိုင်ရှင်သစ်တွေ လက်ထက်မှာ လီဂူးဝမ်းဆုဖလား ၁၀ ကြိမ်ထဲက ၈ ကြိမ်၊ ပြည်တွင်းဖလား ၁၂ လုံး ရယူထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကာတာပိုင်ရှင်တွေ လက်ထက် ပထမဆုံး ၄ ရာသီမှာ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပေမယ့် နောက်ဆုံး ၇ ရာသီမှာ ၅ ကြိမ်က ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းအတွက် ချန်ပီယံလိဂ်ရယူဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့တာကတော့ ၂၀၂၀ ဗိုလ်လုပွဲက ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်စ်က “ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ ပရောဂျက် တစ်ခု လုံးကို ဖျက်ပြီး အစကနေ ပြန်ပြီးစသင့်ပါတယ်။ သူတို့မှာ ပဲရစ်ကနေ ကမ္ဘာတစ်ဝှမ်းလုံးအထိ စွမ်းဆောင်ရည် ကောင်းတဲ့ လူငယ်ကစားသမားတွေ အများကြီး ရှိပါတယ်။ ဘာကြောင့် သူတို့က ဆဲလ်ဘတ်၊ လက်စတာနဲ့ ဒေါ့မွန် အသင်းတွေဆီ သွားတာလဲ။ သူတို့တွေ အားလုံးဟာ ပီအက်စ်ဂျီအတွက် ကစားသင့်ပါတယ်။ သူတို့ဟာ ဒီလို ကစားသမားတွေနဲ့တောင် လီဂူးဝမ်းဆုဖလားကို ရယူနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းရဲ့ အအောင်မြင်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၇ က မိုနာကိုကနေ ပေါင် ၁၆၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အခုဆိုရင် ပီအက်စ်ဂျီအတွက် ၂၀၁ ဂိုး သွင်းယူထားကာ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
ဘတ်ပီဟာ ကမ္ဘာ့ဖလားလည်း ရယူပြီးဖြစ်တာကြောင့် ချန်ပီယံလိဂ် ရယူဖို့အတွက် ပီအက်စ်ဂျီကနေ ထွက်ခွာဖို့တောင် ပြောဆိုခြင်း ခံနေရတာ ဖြစ်ပါတယ်။

ဘတ်ပီကို ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲမှာတွေ့ရစဉ်

ပြင်သစ်သတင်းထောက် ဂျူလီယန်လောရန့်စ်က “ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချူပ်က ရှိနေ သေးပြီး သူက ထွက်သွားချင်ရင်တောင် ခွင့်ပြုခံရမှာ မဟုတ်လို့ ဒီမှာပဲ ဆက်ပြီး ရှိနိုင်ပါတယ်။ သူက ချန်ပီယံလိဂ် ဖလားကို မရသေးပေမယ့် ၂၄ နှစ်ပဲရှိသေးလို့ ဒါက သူ့အတွက် အရမ်းကြီး စွဲလမ်းမှုတစ်ခုတော့ မဟုတ် လောက်ပါ ဘူး။ ပီအက်စ်ဂျီ အသင်းနဲ့အတူ ပထမဆုံး ရယူနိုင်မှာက သူ့အတွက် ပိုပြီး ထူးခြားမှာပါ”လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီကတော့ ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာပါ။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်ပြီးနေချင်ပေမယ့် အခုအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူခဲ့ပြီးနောက် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒါက ဖြစ်မလာခဲ့ပါဘူး။

ဂျူလီယန်လောရန့်စ်က “သူတို့က ကလပ်နဲ့ မက်ဆီရဲ့ စာချုပ်အကြောင်းကို ပြောနေတုန်းပါပဲ ဒါပေမယ့် သူဟာ ဒီပွဲမှာ လုံလောက်အောင် ကောင်းမွန်ခြင်း မရှိပါဘူး။ သူ့ရဲ့ အရည်အချင်းက မေးခွန်ထုတ်စရာ မဟုတ်ပေမယ့် သူ့ရဲ့ အသက်အရွယ်မှာ တန်ပြန်တိုက်စစ်နဲ့ ဂေါ်ရက်စကာက ၅ ကိုက် အကွာကနေ သူ့ကို အမှီလိုက်နိုင်ခဲ့တယ်။ သူက ဒီအဆင့်အတွက် လုံလောက်တယ်လို့ ကျနော်ကတော့ မထင်ဘူး”လို့ ပြောခဲ့တာပါ။

ဘရာဇီးလ် ကစားသမား နေမာဆိုရင် မက်ဆီရဲ့ အရိပ်အောက်မှာ ရှိနေတယ်ဆိုပြီး ၂၀၁၇ က ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ဒဏ်ရာတွေနဲ့ပဲ ကလပ်အသင်းမှာ သူ့ရဲ့ အချိန်တွေ ကုန်ဆုံးခဲ့ပြီး အခုအချိန်မှာလည်း ဒူးခွဲစိတ်ရမှာ ဖြစ်လို့ ရာသီအကုန်ထိ အနားယူရဖို့ ရှိနေတာပါ။ ပီအက်စ်ဂျီအသင်းဟာ နေမာကို မနှစ်ကတည်းက ရောင်းချဖို့ ကြိုးစားခဲ့ပြီး လာမယ့် အပြောင်းအရွှေ့မှာလည်း ရောင်းချဖို့ ထပ်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။

မက်နာမန်းက “ပီအက်စ်ဂျီက လာမယ့်နှစ်မှာလည်း ပိုပြီးကောင်းလာမှာ မဟုတ်ပါဘူး။ မက်ဆီနဲ့ ရာမို့စ်တို့က တစ်နှစ် ပိုကြီးလာလိမ့်မယ်။ နေမာကလည်း ရာသီအကုန်မှာ ကြံ့ခိုင်မှု ပြည့်ဝမှာ မဟုတ်ပါဘူး။ နာမည်ကြီး ကစားသမားတွေက ပြောင်းရွှေ့သွားနိုင်တယ်”လို့ ပြောခဲ့တာပါ။

မက်ဆီကို တွေ့ရစဉ်

လက်ရှိ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဂယ်လ်တီယာဟာ ကာတာပိုင်ရှင်တွေ လက်ထက်မှာ ၆ ဦး မြောက် နည်းပြဖြစ်ခဲ့ပြီး အရင်နည်းပြ ၅ ဦးလိုပဲ သူလည်း ချန်ပီယံလိဂ်ဖလား ရယူနိုင်အောင် မလုပ်ပေးနိုင်ခဲ့ပါ ဘူး။

အရင်နည်းပြ ၅ ဦးထဲက ၂ ဦးဖြစ်တဲ့ အန်ဆယ်လော့တီနဲ့ တူချယ်လ်တို့ဟာ ပီအက်စ်ဂျီကနေ ထွက်သွားပြီးနောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။

ဂယ်လ်တီယာဟာ ၂၀၂၁ က လိုင်လီအသင်းနဲ့အတူ အမှတ်ပေးလိဂ်ကို ရယူနိုင်ခဲ့ပြီးနောက် ဆယ်စုနှစ်အတွင်း ပီအက်စ်ဂျီအသင်းကို အမှတ်ပေးဖလား မရအောင် ရပ်တန့်နိုင်ခဲ့တဲ့ နည်းပြ ၂ ဦးထဲက ၁ ဦးဖြစ်ပါတယ်။

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းရဲ့ အထင်ကြီးမှုကို ရယူနိုင်ခဲ့ပြီး ပိုချက်တီနို ထုတ်ပယ်ပြီးချိန်မှာ ပြင်သစ်ကလပ်ရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။

အခုနှစ်မှာလည်း သူဟာ ပီအက်စ်ဂျီအသင်းကို အမှတ်ပေးလိဂ် ရအောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဂယ်လ်တီယာနဲ့ ရာသီအကုန်မှာ လမ်းခွဲသွားဖို့ရှိနေပြီး ဇီဒန်းနဲ့ နည်းပြဟောင်း တူချယ်လ် တို့က အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် ရှိလာနိုင်တာ ဖြစ်ပါတယ်။

Source: BBC