CNI International Article

၂၀၂၃ ခုနှစ်၊ မတ်လ ၁၂

အမေရိကန်က တရုတ်နိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်ဆောင်နေသည်ဟု တရုတ်ခေါင်းဆောင်များက မှတ်ယူထားသည်။ အမေရိကန်သည် တရုတ်နိုင်ငံအား ဖယ်ကျဉ်ထားရန်၊ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားအောင် လုပ်ဆောင်နေသည်ဟု သမ္မတရှီကျင့်ဖျင်က အခုသီတင်းပတ်အတွင်း စွပ်စွဲခဲ့သည်။

ထိုစွပ်စွဲမှုက တရုတ်ကွန်မြူနစ်ပါတီအတွင်း အမေရိကန်နှင့် ပတ်သက်သည့် ဒေါသဖြစ်မှု အခြေအနေများ မြင့်တက်လာသည်ကိုလည်း ဖော်ညွှန်းနေသည်။

ဆယ်စုနှစ်များအတွင်း အင်အား အကြီးဆုံး တရုတ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ရှီသည် ပုံမှန်အားဖြင့် နိုင်ငံ၏ ပြဿနာများကို အကောင်းမြင် ရှုထောင့်မှ သိမ်မွေ့စွာ သုံးနှုန်း ပြောဆိုလေ့ရှိသည်။ သို့သော် တနင်္လာနေ့ စွပ်စွဲ မှုများက ယခင် အခြေအနေများနှင့် ကွဲပြားနေသည်။

အမေရိကန် ဦးဆောင်သည့် တရုတ်အား ထိန်းချုပ်၊ ဖိနှိပ်မှုကမ်ပိန်းသည် နိုင်ငံအတွက် ကြိုတင် မမျှော်လင့်နိုင်သော ဆိုးရွားသည့် စိန်ခေါ်မှုများကို ဖြစ်စေသည်ဟု ပြောကာ ပြည်သူများ အနေဖြင့် ယင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန်လည်း တောင်းဆိုခဲ့သည်။

အင်္ဂါနေ့တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း(Qin Gang)က အမေရိကန်အား သတိပေးမှုတစ်ခု ပြုလုပ်ခဲ့သည်။ လက်ရှိ လမ်းကြောင်းအတိုင်းသာ ဆက်လုပ်နေဦးမည်ဆိုလျှင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ကြား ပဋိပက္ခနှင့် ထိပ်တိုက် တွေ့ဆုံမှုများ ရှိလာလိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး၏ ပြောစကားက အမေရိကန်အနေဖြင့် တရုတ်နောက်သို့ လိုက်လာနေကြောင်း၊ ထို့ကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လိုအပ်ကြောင်း စသဖြင့် အစိုးရ၏ အမြင်ကို ထင်ဟပ်နေသည်ဟု ဆိုးလ်တက္ကသိုလ် တစ်ခုမှ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ ဂျွန်ဒီလူရီက ပြောသည်။

တရုတ်နဲ့ အမေရိကန် ခေါင်းဆောင် နှစ်ဦးကိုတွေ့ရစဉ်

လက်ရှိ အချိန်တွင် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာနှင့် စီးပွားရေး ကိစ္စများတွင် အမေရိကန်ကို ယှဉ်နိုင်စွမ်းရှိသည့် အခြေအနေတွင် ရှိမနေပေ။

သို့သော် အမေရိကန်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုပိုင်းတွင် တရုတ်နိုင်ငံအား ၎င်းတို့အတွက် စိန်ခေါ်သူတစ်ဦးအဖြစ်မှ ဖယ်ရှားရန် ကြိုးပမ်းနေသည်ဟု တရုတ်ဘက်က ရှုမြင်ထားသည်။

တရုတ်အာဏာရပါတီသည် နိုင်ငံရေးနှင့် ယဉ်ကျေးမှု ခေါင်းဆောင်အဖြစ် တရုတ်၏ သမိုင်းဝင် အခန်းကဏ္ဍကို ပြန်လည် အသက်သွင်းရန်၊ နိုင်ငံအား နည်းပညာပိုင်းဆိုင်ရာ တီထွင်သူအဖြစ် ပြောင်းလဲကာ ဝင်ငွေမြှင့်တင်ရန် နှင့် ထိုင်ဝမ်အား သိမ်းပိုက်ခြင်းဖြင့် တရုတ်အမိမြေကို ပြန်လည် ပေါင်းစည်းလို နေသည်။

တရုတ်အစိုးရအနေဖြင့် ထိုသို့သော ရည်မှန်းချက်မျိုးကို အပြုသဘော ရှုမြင်ထားသော်လည်း တစ်ဖက်တွင် အမေရိကန်အတွက် ယင်းတို့သည် ခြိမ်းခြောက်မှုများပင် ဖြစ်သည်။

တရုတ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများသည် အနည်းဆုံး နိုင်ငံခြားကုမ္ပဏီများ၏ နည်းပညာများ ခိုးယူခြင်း သို့မဟုတ် ဖိအားပေးခြင်းတို့ကို အခြေခံထားသည်ဟု အမေရိကန်ဘက်က ပြောသည်။

တရုတ်၏ ယှဉ်ပြိုင်မှုသည် အမေရိကန်၏ စက်မှုရေးရာ ထိန်းချုပ်များမှုနှင့် ဝင်ငွေများကို ထိခိုက်စေလိမ့်မည် ဟုလည်း တချို့က သတိပေးထားသည်။

ထိုအခြေအနေတွင် အမေရိကန်က ဟွာဝေး အပါအဝင် တရုတ်ကုမ္ပဏီများကို blacklist သွင်းခြင်းဖြင့် တရုတ်၏ အစီအစဉ်များကို ပိတ်ဆို့ခဲ့သည်။ processor chip များနှင့် တခြားနည်းပညာများ ဝယ်ယူခွင့်ကို ကန့်သတ်လိုက် သည့် blacklist လုပ်ခြင်းသည်တစ်ချိန်က ကမ္ဘာ့အကြီးဆုံး ဖြစ်ခဲ့ဖူးသည့် ဟွာဝေးအတွက် ဆုံးရှုံးမှုများ စေခဲ့သည်။

အမေရိကန် အရာရှိများသည် ၎င်းတို့ကိုယ်တိုင် blacklist လုပ်ရုံမက ကျန်မဟာမိတ်များကိုလည်း ဟွာဝေးနှင့် ပတ်သက်၍ သတိပေးမှုများ လုပ်ဆောင်ခဲ့သည်။ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကြောင့်ဟု အမေရိကန်ဘက်က ပြော သော်လည်း တရုတ်ဘက်က ယင်းသည် ပြိုင်ဘက်နိုင်ငံအား တိုက်ခိုက်ရန် အကြောင်းပြချက် ပေးခြင်းဟု သတ် မှတ်သည်။

အမေရိကန်-တရုတ် နှစ်နိုင်ငံအစိုးရများသည် ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်များ ဖြစ်ရုံမက ရာသီ ဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် တခြားသော ပြဿနာများတွင် တူညီသော ရည်မှန်းချက်များ ထားရှိသည်။

သို့သော် ထိုင်ဝမ်အရေး၊ ဟောင်ကောင်အရေး၊ ဝီဂါမူဆလင်အရေး၊ ယူကရိန်းအရေးတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဆိုးရွားနေသည်။ နှစ်နိုင်ငံ သမ္မတနှစ်ဦး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အင်ဒိုနီးရှားတွင် တွေ့ဆုံ ခဲ့ပြီးနောက် အပြန်အလှန် ဆက်ဆံရေး အခြေအနေမှာ ပို၍ ဆိုးရွားလာခဲ့သည်ဟု ဘေဂျင်းတက္ကသိုလ်တစ်ခုမှ နိုင်ငံတကာဆက်ဆံရေးပညာရှင်က ပြောသည်။

 ရှီကျင့်ဖျင် မိန့်ခွန်းကို တရုတ်ပြည်သူတွေ နားထောင်နေစဉ်

နိုဝင်ဘာလ နောက်ပိုင်း ငါးလအတွင်း အမေရိကန်သည် ထိုင်ဝမ်သို့ လက်နက်များ ပိုမိုရောင်းချရန် ခွင့်ပြုခဲ့သလို၊ ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်အား ပိုမိုဝေဖန်ခဲ့ပြီး တရုတ်ကုမ္ပဏီများကိုလည်း ပို့ကုန် watchlist စာရင်းသို့ ထည့်သွင်းခဲ့သည်ဟု ၎င်းက ပြောသည်။

ထိုလုပ်ရပ်များကို ရန်လိုမှုဟု တရုတ်ဘက်က ရှုမြင်ထားသည်။ ယင်းကြောင့် တရုတ်နှင့် အမေရိကန်တို့အကြား ထိပ်တိုက် တွေ့ဆုံနိုင်ခြေပို၍ များပြားလာသည်ဟုလည်း ၎င်း ကသုံးသပ်သည်။

တစ်ဖက်တွင်လည်း အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် နိုင်ငံရေးစနစ်အတွင်း တာဝန်ယူမှုရှိစွာ အတူတကွ ယှဉ်တွဲ နေထိုင်လိုသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

အမေရိကန်အစိုးရ အနေဖြင့် တရုတ်ကို ဖိနှိပ်လိုသည် ဆိုခြင်းကိုလည်း ၎င်းက ငြင်းဆိုသည်။ အမေရိကန်သည် တရုတ်နှင့် ပတ်သက်သော စိုးရိမ်မှုများ၊ ရေကြောင်းသွားလာမှု ထူထပ်ရာ လမ်းကြောင်းများအပေါ် တရုတ်၏ ပိုင်ဆိုင်ကြောင်း ကြေညာမှုများကို တုန့်ပြန်ရန်အတွက် ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယတို့နှင့် ပူးပေါင်းကာ Quad အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့သည် တစ်နိုင်ငံတည်းကို အာရုံစိုက် ဆောင်ရွက်ခြင်း မရှိဟု ပြောသော်လည်း ယင်းမှ ထုတ်ပြန်သည့် တရားဝင် ထုတ်ပြန်ချက်အားလုံးသည် တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှုများနှင့် တရုတ်နှင့် အငြင်း ပွားနေသည့် ကိစ္စရပ်များ အကြောင်းသာ ဖြစ်သည်။

ထိုင်ဝမ်အပေါ် အမေရိကန်နှင့် တခြားသော အနောက်နိုင်ငံများ၏ ထောက်ပံ့မှုများက တရုတ်အစိုးရအနေဖြင့် များစွာ ဒေါသဖြစ်စေခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိတ်အပိုင်း တစ်ခု မဖြစ်ခဲ့သော်လည်း ထိုင်ဝမ်ကျွန်းနှင့် ပြည်မကြီး တို့ ပေါင်းစည်းရေးအတွက် လိုအပ်လျှင် အင်အားသုံး ဆောင်ရွက်သွားမည်ဟု တရုတ်ကွန်မြူနစ်ပါတီဘက်မှ ပြော ဆိုထားသည်။

အမေရိကန်သည် ဖက်ဒရယ်ဥပဒေအရ ထိုင်ဝမ်အနေဖြင့် ၎င်းတို့ကိုယ်တိုင် ကာကွယ်ရေး လက်နက်များ ရှိရန် လိုအပ်သည့် ဉပဒေများ ကျင့်သုံးသောကြောင့် ယင်းသို့ ဂျက် တိုက်လေယာဉ်များနှင့် ဒုံးကျည်များ ရောင်းချပေး ခဲ့သည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကိုတွေ့ရစဉ်

သို့သော် တရုတ်အာဏာပိုင်များက ထိုလုပ်ရပ်သည် ပြန်လည် ပေါင်းစည်းရေးကို ဆန့်ကျင့်သည့် ထိုင်ဝမ်နိုင်ငံရေး သမားများနှင့် တရားဝင် လွတ်လပ်ရေး ကြေညာခြင်းကို လှုံ့ဆော်မှု ဖြစ်စေသည်ဟု ရှုမြင်ထားကာ လွတ်လပ်ရေး ကြေညာခြင်းသည် စစ်ဖြစ်မည့် လမ်းစဟုလည်း တရုတ်ဘက်က သတ်မှတ်ထားသည်။

မကြာခင် တရုတ်၏ ဒုတိယခေါင်းဆောင်အဖြစ်မှ ဆင်းပေးတော့မယ့် ဝန်ကြီးချုပ် လီခဲကျင်း(Li Kanqiang)က ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးကို တောင်းဆိုထားသည်။

သို့သော် ရှီကျင့်ဖျင် ဦးဆောင်သည့် အစိုးရဘက်က ထိုင်ဝမ်အနီး ပင်လယ်ပြင်ထဲသို့ ဂျက်တိုက်လေယာဉ်များ ပျံသန်းခြင်း၊ ဒုံးကျည်များ ပစ်လွှတ်ခြင်းတို့ဖြင့် ထိုင်ဝမ်ကို သိမ်းပိုက်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

မကြာခင်က ဖြစ်ပွားခဲ့သော အခြေအနေ တင်းမာမှုများသည် အမေရိကန်-တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေး နိမ့်ကျသွားမှုကို ဖော်ညွှန်းနေကြောင်း၊ ယင်းတို့ နှစ်နိုင်ငံကြားတွင် ခိုင်မာသည့် ယုံကြည်မှု မည်သည့် အချိန်ကမှ မရှိခဲ့ကြောင်း စင်ကာပူတက္ကသိုလ်တစ်ခုမှ ပညာရှင် ဒရူးသွန်ပဆင်က ပြောသည်။

မဟာဗျူဟာမြောက် ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများကို တရုတ်ခေါင်းဆောင်များက အထိအခိုက် ရှိစေသော၊ ဘောင်ကျော်နေသော ကိစ္စများဖြင့် ရှုမြင်ကြပြီး ယင်းက မှားယွင်း တွက်ချက်မိခြင်း ဖြစ်စေရန်၍ အန္တရာယ်ကို ပိုများစေသည်ဟု သွန်ပဆင်က ပြောသည်။

အမေရိကန်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ယင်း၏ တရားဝင် ဖြစ်မှုတို့ကို ထိခိုက်စေရန် ကြိုးပမ်းနေသည့် ဗိုလ်ကျသော နိုင်ငံတစ်ခုဟု တရုတ်အာဏာပိုင်များက ယုံကြည့်နေကြောင်း၊ ထိုယုံကြည်ချက်အတွက် ၎င်းတို့ ထံတွင် သက်သေများစွာ ရှိနေကြောင်း သို့သော် နားလည်မှုနှင့် အကျိုးစီးပွားဆိုင်ရာ ရပ်တည်ချက်ကို ပြောင်းလဲ မည်ဆိုလျှင် ၎င်းတို့အနေဖြင့် အမေရိကန်သည် ပါတီ၏ ရည်မှန်းချက်များကို အောင်မြင်စေရေး ဆောင်ရွက်ပေး မည့် မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် အလွယ်တကူ ရှုမြင်လာမည် ဖြစ်ကြောင်းလည်း သွန်ပဆင်က ပြောသည်။

Source: AP