CNI International Article

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

ရုရှားကျူးကျော်စစ် တစ်နှစ်ပြည့်သည့်တိုင် ယူကရိန်းသည် ကြံ့ကြံ့ခိုင် ရပ်တည်နိုင်နေဆဲ ဖြစ်သည်။

ယူကရိန်းသားတို့သည်လည်း တိုင်းပြည် ကာကွယ်ရေးတွင် ၎င်းတို့၏ အသိအမှတ်ပြုဖွယ် ခုခံမှုနှင့် သတ္တိတို့ကို ပြသထားနိုင်သည်။

ရုရှားသမ္မတ ပူတင်၏ အချိန်တိုအတွင်း ယူကရိန်းကို သိမ်းပိုက်မည့် အစီအစဉ်ကို ရိုက်ချိုးနိုင်ခဲ့သည့်အပြင် နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် တန်ပြန်ထိုးစစ်ဆင်မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် ယူကရိန်းသားတို့၏ သွေးသည် ချီးကျူးမှုနှင့် ထိုက်တန်ကြောင်း သက်သေခံနေသည်။

ထိုအချက်ကြောင့်ပင် ပူတင်၏ ရုရှားသည် အခုချိန်အထိ ယူကရိန်းနယ်မြေများကို သိသိသာသာ သိမ်းပိုက်နိုင်ခြင်း မရှိသည့်အပြင် ဆုံးရှုံးမှုများနှင့်ပါ ရင်ဆိုင်ရလျက် ရှိသည်။

ယူကရိန်းစစ်ပွဲ ရှေ့တန်းကိုတွေ့ရစဉ်

တစ်ဖက်တွင် ရုရှားစစ်တပ်၏ စွမ်းဆောင်ရည် ကောင်းမွန်မှု မရှိသည့်တိုင် ပူတင်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် အလားအလာမရှိပေ။

ဖေဖော်ဝါရီ ၂၁ ရက် နိုင်ငံတော်မိန့်ခွန်းတွင် ပူတင်က ယူကရိန်းအရေးကို စစ်ပွဲဟု သုံးနှုန်းခဲ့သည်။ ယခင်အသုံး ပြုခဲ့သော အထူးစစ်ဆင်ရေးမှ ပြောင်းလဲ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။

နယ်စပ်မှ အန္တရာယ်များကို တွန်းလှန်ရေးအတွက် ယူကရိန်းနိုင်ငံတွင်းသို့ ထိုးစစ်ဆင်မှုများ ဆက်လုပ်သွားမည်ဟု လည်း ၎င်းက ပြောခဲ့သည်။ တစ်နှစ်ပြည့်ချိန်အထိ အနောက်အုပ်စုသည် ယူကရိန်းဘက်တွင် ရှိနေကြောင်း အကောင်းဆုံး ပြသထားနိုင်သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်သည်ပင် ဖေဖော်ဝါရီ ၂၀ ရက်တွင် ယူကရိန်းမြို့တော်သို့ ရုတ်တရက် သွားရောက်ခဲ့ကာ စစ်ပွဲမပြီးမချင်း ယူကရိန်းကို ထောက်ပံ့နေမည်ဟု ယူကရိန်းသမ္မတကို ကတိပေးခဲ့သည်။

ဘိုင်ဒန်နှင့် တစ်နေ့တည်းမှာပင် အီတလီဝန်ကြီးချုပ် မယ်လိုနီသည်လည်း ကိယက်ဗ်မြို့(ယူကရိန်း)သို့ ရောက်လာခဲ့ပြီး ဇာလန်းစကီးနှင့် တွေ့ခဲ့သည်။

ယူကရိန်းကို ဆက်လက်ထောက်ပံ့နေဦးမည်ဆိုသည်နှင့် Spada၊ Skyguard ကဲ့သို့ လေကြောင်း ကာကွယ်ရေး စနစ်များကိုပါ ထပ်မံပေးအပ်ဦးမည်ဟု ကတိပေးခဲ့သည်။

ယူကရိန်းကို ထောက်ပံ့ပေးရန် ကတိအပြင် လက်ရှိ လက်နက် ထောက်ပံ့မှုများသည် လိုအပ်သည်ထက် ပို၍ နှေးနေသည်ကို လက်ခံကြောင်း ဥရောပခေါင်းဆောင်များက မြူးနစ်လုံခြုံရေး ညီလာခံတွင် ဝန်ခံခဲ့ကြသည်။

ရုရှားကျူးကျော်မှုကို တွန်းလှန်ရေးအတွက် ယူကရိန်းကို တင့်ကားများ ပို့ပေးရန် ဂျာမန်ဝန်ကြီးချုပ်က တောင်းဆို ခဲ့သည့်အပြင် ဗြိတိန်ဝန်ကြီးချုပ်ကလည်း ယူကရိန်းသို့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ထောက်ပံ့ရန်၊ ယူကရိန်း လေယာဉ်မှူးများကို လေ့ကျင့်ပေးရန် ကျန်ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ်

စစ်လက်နက် ထောက်ပံ့မှုအပြင် ရုရှားကို အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရေးတွင်လည်း အနောက်အုပ်စုသည် ပြောဆိုခဲ့သည်နှင့် တစ်ထပ်တည်း ဖြစ်အောင်သက်သေပြထားနိုင်သည်။ ရုရှားရေနံများ ပိတ်ပင်ခြင်းနှင့်ပတ်သက်သည့် အရေးယူမှုသည် ဖေဖော်ဝါရီ ၅ ရက်တွင် စတင် အသက်ဝင်လာခဲ့ပြီး ၂၄ ရက် G-7 အစည်းအဝေးတွင်လည်း အရေးယူမှု အသစ်များ ချမှတ်ရန် ဆွေးနွေးခဲ့ကြသည်။

သို့သော် တစ်ဖက်တွင် ကြည့်မည်ဆိုလျှင် ယူကရိန်းအတွက် အနောက်အုပ်စု၏ ထောက်ပံ့မှုများမှာ လေးစားမှု ကင်းမဲ့နေသည်။

အနောက်အုပ်စုအနေဖြင့် ယူကရိန်း၏ ကြွေးမြီများကို လျှော်ပစ်ရေးလုပ်ဆောင်ခြင်း မရှိသလို ရုရှားဗဟိုဘဏ်နှင့် အမည်ပျက်စာရင်းသွင်းထားသော ရုရှားအစိုးရအဖွဲ့ဝင်များထံ ရရှိထားသည့် ငွေကြေးများကို စစ်လျော်ကြေး အဖြစ် ယူကရိန်းသို့ပေးရန် အဆိုပြုချက်သည်လည်း တိုးတက်မှု ရှိမလာခဲ့ပေ။

ယူကရိန်းအရေးနှင့် ပတ်သက်၍ အနောက်အုပ်စု၏ မူဝဒါသည် တိုးတက်မှု၊ စနစ်ကျမှု မရှိသည်ကိုလည်း တွေ့ရသည်။ ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုအသစ်များကို တွန်းလှန်ရေး ထောက်ပံ့ကူညီမှုများသည် အရေးပါသကဲ့သို့ ယင်းကို ကာလရှည် ထိန်းသိမ်းနိုင်ရန်လည်း အရေးကြီးသည်။

အနောက်အုပ်စုနှင့် ယူကရိန်းတို့ကြား တရားဝင်ပူးပေါင်းမှု မရှိခြင်းကို မဖြစ်မနေ အဖြေရှာရန် လိုအပ်နေသည်။

ယူကရိန်းပဋိပက္ခသည် ဆုတ်ယုတ်လာသော စစ်ပွဲအဖြစ် ပြောင်းလဲလာချိန်တွင် ပူတင် အနေဖြင့် အနောက်အုပ်စု ၏ ယူကရိန်းအား ထောက်ပံ့မှုများ နည်းပါးလာချိန်ကို စောင့်ဆိုင်းကာ ကာလရှည် စစ်မြေပြင်တွင် အောင်မြင်မှုရယူရန် မျှော်လင့်နေသည်မှာ ပို၍ ရှင်းလင်းလာသည်။

ကနဦး ကျူးကျော်စစ် စတင်ပြီးချိန် အနောက်အုပ်စု၏ စည်းလုံးညီညွတ်မှုသည် အံ့သြဖွယ်တချို့ ဖြစ်ခဲ့သည့်တိုင် ပူတင် အနေဖြင့် စစ်ပွဲကြာလေ ယူကရိန်းကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အနောက်အုပ်စု၏ ကုန်ကျစရိတ်ပို၍ များပြားလာလေ ဆိုသည်ကို သဘောပေါက် နားလည်ထားသည်။

အီးယူကိုယ်စားလှယ်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ်

စစ်ပွဲကုန်ကျစရိတ်သည် လာမည့်နှစ်များတွင် အနောက်နိုင်ငံများ၌ ပို၍ သဘောထားပျော့ပြောင်းသော ခေါင်းဆောင်များ ထွက်ပေါ်လာစေရေး အထောက်အကူ ဖြစ်စေမည်ဟုလည်း ရှုမြင်ထားပုံရသည်။

ထိုထဲတွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လည်း ပါဝင်သည်။ သူသာ ပြန်လည် အရွေးချယ်ခံရလျှင် ပူတင်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိစေရမည်ဟု ထရမ့်က ပြောခဲ့သည်။

၎င်း၏ အကြံပေးဟောင်း တစ်ဦးဖြစ်သူ ရူဒီ ဂူလီယာနီကလည်း ယူကရိန်းကို ထောက်ပံ့ ကူညီနေမှုများက ၎င်းတို့ ၏ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှု အရည်အသွေးကို ကျဆင်းစေသည်ဟု ပြောသည်။

ဥရောပတွင်လည်း ပူတင်ဘက်မှ ရပ်တည်လိုသည့် ထင်ရှားသော နိုင်ငံရေသမားများ ရှိနေသည်။ အီးယူ၏ ရံပုံငွေ ကို မှီခိုနေရသည့်တိုင် ဟန်ဂေရီ ဝန်ကြီးချုပ်သည် ရုရှားလိုလားသော သဘောထားကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

နောက်တစ်ဦးမှာ အီတလီဝန်ကြီးချုပ် မယ်လိုနီ၏ ညွှန့်ပေါင်းမဟာမိတ် ဘာလူစကိုနီ ဖြစ်သည်။

ပြင်သစ်သမ္မတလောင်း မာရိုင်း လီပန်းသည်လည်း ရုရှားသို့ ပျော့ပြောင်းစွာ ချည်းကပ်မှုအတွက် ထင်ရှားသည်။

သူမ၏ ပါတီခေါင်းဆောင်အသစ်သည်ပင် ရုရှားအပေါ် စွမ်းအင်ဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆိုထားသည်။

ပြင်သစ်အထွေထွေရွေးကောက်ပွဲသည် ၂၀၂၇ ခုနှစ်မှ ကျင်းပမည် ဖြစ်သောကြောင့် ပြင်သစ်တွင် ရုရှားလိုလား သော ခေါင်းဆောင်သစ်တစ်ဦး အချိန်တိုအတွင်း ပေါ်လာနိုင်ရန် အလားမလာ မရှိသော်လည်း ပူတင်အတွက် လမ်းပွင့်နေဆဲပင် ဖြစ်သည်။

ဆလိုဗေးနီးယားက အကောင်းဆုံး ဥပမာဖြစ်သည်။ အစိုးရသည် အယုံအကြည်မရှိ မဲခွဲမှုတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် စက်တင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲကျင်းပရန် လွှတ်တော်က အတည်ပြုပေးခဲ့သည်။

ထိုရွေးကောက်ပွဲတွင် ရုရှားလိုလားသည့် ဝန်ကြီးချုပ်ဟောင်း ရောဘတ်ဖီကို အနိုင်ရရန် အလားအလာကောင်းနေ ပြီး လက်ရှိအစိုးရထက် ရုရှားနှင့် ပိုနီးကပ်သော ညွှန့်ပေါင်းအစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။

ယူကရိန်းကို ထောက်ပံ့ရေးနှင့်ပတ်သက်၍ မဟာမိတ်များအကြား သဘောထားကွဲလွဲမှု ပေါ်ပေါက်လာခြင်းကို တားဆီးရန်အတွက် အနောက်အုပ်စုအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာအတွင်း ကာလရှည် အစီအစဉ်များ ထည့်သွင်းရန် စတင်စဉ်းစားသင့်နေပြီ ဖြစ်သည်။

အမေရိကန်၊ အီးယူနှင့် ဗြိတိန်တို့သာ ထိုသို့ လုပ်ဆောင်နိုင်မည်ဆိုလျှင် ယင်းက ပူတင်၏ လက်ရှိ စစ်မဟာဗျူဟာ ၏ ရှုံးနိမ့်မှုဖြစ်ရုံမက ယူကရိန်းအား ကာလရှည် ဆက်လက် ထောက်ပံ့နိုင်ရေး အထောက်အကူ ဖြစ်စေလိမ့်မည်။

ယူကရိန်း၏ အီးယူနှင့် နေတိုးမဟာမိတ်ဖြစ်ရေး ကြိုးစားမှုသည် ထိုသို့သော ပူးပေါင်းမှုကို ရရှိရန် ကြိုးစားမှု အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။

သို့သော် ယူကရိန်းမြေပေါ်တွင် ရုရှားတပ်များ အလုံးအရင်းနှင့် ရှိနေခြင်းက အဖွဲ့ဝင်ဖြစ်ရေး ကိစ္စများကို ကြီးမားသော အဟန့်အတား ဖြစ်စေသည်။

ပြီးခဲ့သည့် နှစ်တွင် အီးယူအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို အတည်ပြုမှု ရရှိခဲ့သည့်တိုင် အဖွဲ့တွင်းသို့ ဝင်ရောက်ရန် ကာလရှည်စောင့်ဆိုင်းရပေဦးမည်။ ယင်းကြောင့် ယူကရိန်းနှင့် အနောက်အုပ်စုတို့အကြား သီးခြားဖြစ်သော တရားဝင်ပူးပေါင်းမှုတစ်ခု လိုအပ်နေခြင်း ဖြစ်သည်။

 ယူကရိန်းစစ်ပွဲ ရှေ့တန်းတစ်နေရာကိုတွေ့ရစဉ်

 

ယူကရိန်း၏ အီးယူနှင့် နေတိုးအဖွဲ့ဝင် ဖြစ်ရေးအတွက် မထိခိုက်စေဘဲ အနောက်အုပ်စုအား ကြားဝင် ဆောင်ရွက် ရန် ခွင့်ပြုသည့် လုံခြုံရေး အာမခံချက် မဖြစ်ရန် လိုအပ်သည်။

သို့သော် ထိုပူးပေါင်းမှုသည် ယူကရိန်းနှင့် အနောက်အုပ်စုတို့သည် အပြန်အလှန် မဟာမိတ်များ ဖြစ်သည်ဆိုသည့် လက်ရှိ အရှိတရားအား ခိုင်မာစေရေး တရားဝင် အခြေခံအချက်များ ပါဝင်မှုရှိရန်တော့ လိုအပ်သည်။

ထိုသို့သော ပူးပေါင်းမှုများက ပြီးခဲ့သည့်နှစ် မေလ ဗြိတိန်၊ ဆွီဒင်နှင့်ဖင်လန်တို့ကြား လက်မှတ်ရေးထိုးခဲ့သော လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်များကို ဖြစ်စေမည်။

ယင်းသဘောတူညီချက်များတွင် အဖွဲ့ဝင်နိုင်ငံ တစ်ခု တိုက်ခိုက်ခံရပါက ကူညီပေးရန် ကတိပြုထားသော်လည်း တိုက်ရိုက် ပါဝင်ပတ်သက်ရန် ခွင့်မပြုထားပေ။

ကုန်လွန်ခဲ့သော တစ်နှစ်တာ ကာလတွင် ပူတင်အနေဖြင့် စစ်ပွဲကို အနိုင်မရရှိခဲ့သလို ယူကရိန်းအနေဖြင့်လည်း အနောက်အုပ်စုကသာ စွန့်ပစ်လိုက်လျှင် ရှုံးနိမ့်သွားမည်ဆိုသည့် သဘောတရားကို မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် အနောက်အုပ်စု၏ ထောက်ပံ့မှုများ ဆက်ရှိနေမည်ဆိုသည့် အာမခံမှုကသာလျှင် ရုရှားသမ္မတကို ငြိမ်းချမ်းရေးစကားဝိုင်းသို့ ပို့ဆောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

Source: Aljazeera