မက်ဒရစ်၊ အောက်တိုဘာ ၁၈

ပြည်တွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများကို တရားမဝင် ရာဇဝတ်မှုများအဖြစ် သတ်မှတ်၍ အရေးယူသွားမည် ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က အောက်တိုဘာ ၁၇ ရက်တွင် ကတိပြုခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဗလင်စီယာမြို့၌ ကျင်းပသည့် ၎င်း၏ဆိုရှယ်လစ်ပါတီ ၃ ရက်တာ ကွန်ဂရက်အစည်းအဝေးအပြီး ပါတီ ထောက်ခံ သူများကို မိန့်ခွန်းပြောကြားရာတွင် ပက်ဒရိုဆန်းချက်က ယင်းကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။ ပြည့်တန်ဆာ လုပ်ငန်း သဘောသဘာဝသည် အမျိုးသမီးများကို ကျွန်ပြုခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။

ပြည့်တန်ဆာလုပ်ငန်းကို ၁၉၉၅ ခုနှစ်က စပိန်နိုင်ငံတွင် ရာဇဝတ်မှုအဖြစ်မှ ကင်းလွတ်ခွင့်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်၌ စပိန်ပြည်တွင်း လိင်လုပ်ငန်းမှ ဝင်ငွေ ယူရို ၃ဒသမ၇ ဘီလီယံ (ဒေါ်လာ ၄ဒသမ၂ ဘီလီယံ) ရှိမည်ဟု ကုလသမဂ္ဂ က ခန့်မှန်းသည်။

၂၀၀၉ ခုနှစ် စစ်တမ်းတစ်ခုအရ စပိန်အမျိုးသား ၃ ဦးတွင် ၁ ဦးသည် လိင်ကိစ္စအတွက် အကုန်အကျရှိနေကြောင်း ဆိုသည်။ သို့သော် အလားတူနှစ်ဖြစ်သည့် ၂၀၀၉ ခုနှစ်၌ ထွက်ရှိခဲ့သော အစီရင်ခံစာတစ်စောင်တွင် အဆိုပါ စစ်တမ်းပါ တွက်ချက်မှုသည် ၃၉ ရာခိုင်နှုန်းအထိ မြင့်မားနိုင်ကြောင်းနှင့် ၂၀၁၁ ခုနှစ်တွင် ထွက်ရှိလာသော သုတေသနလုပ်ငန်းတစ်ခု၌ ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံနှင့် ပေါ်တိုရီကိုနိုင်ငံပြီးလျှင် စပိန်နိုင်ငံသည် တတိယမြောက် ပြည့်တန်ဆာလုပ်ငန်းဗဟိုဆုံချက်ဖြစ်နေကြောင်း သိရသည်။

ပြည့်တန်ဆာလုပ်ငန်းကို စပိန်နိုင်ငံရှိ လက်ရှိအနေအထား၌ စည်းမျဉ်းသတ်မှတ်ချက်မထားဘဲ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် မလုပ်သရွေ့ မိမိတို့ဆန္ဒအလျောက် အခကြေးငွေဖြင့် လိင်ကိစ္စ ဝန်ဆောင်မှု ပေးခြင်းအပေါ် အပြစ်ပေးအရေးယူခြင်း မရှိသေးပေ။ သို့သော် လိင်လုပ်သားနှင့် ဖောက်သည်တစ်ဦးတို့အကြား ကြားပွဲစားအဖြစ် ချိတ်ဆက်ပေးခြင်းကို တရားမဝင်ဟု သတ်မှတ်ထားသည်။

ရာဇဝတ်မှုအဖြစ်မှ လျှော့ချခဲ့သည့် ၁၉၉၅ ခုနှစ်နောက်ပိုင်း စပိန်နိုင်ငံတွင် အမျိုးသမီးပြည့်တန်ဆာဦးရေ ၃ သိန်း အထိ တိုးလာခဲ့သည်။

ပြည့်တန်ဆာလုပ်ငန်းသည် ဆင်းရဲမွဲတေမှု အကြောင်းခံဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်ပွားစေခြင်း အတွက် စေ့ဆော်မှုအမြင့်ဆုံးဖြစ်သည်။
သို့ရာတွင် စပိန်ရွေးကောက်ပွဲ ပြီးဆုံးသွား၍ ၂ နှစ်ကြာသည့်တိုင် ဇိမ်မယ်များအတွက် ဥပဒေ ထပ်မံ ပြဋ္ဌာန်း သေးခြင်း မရှိပါ။

စပိန်နိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပြည့်တန်ဆာစနစ်ကို ထောက်ခံသူများက လိင်လုပ်သားအဖြစ် လုပ်ကိုင်နေသူအမျိုးသမီးများအတွက် ကြီးမားသောအကျိုးကျေးဇူးများရှိကြောင်း၊ ၎င်းတို့အသက်ကို ပိုမိုလုံခြုံစေကြောင်း ပြောဆိုမှုများလည်း ရှိသည်။

မည်သို့ပင်ဆိုစေ မကြာသေးမီနှစ်များအတွင်း စပိန်ပြည်တွင်း၌ အမျိုးသမီးများ လိင်ဖျော်ဖြေရေး(သို့မဟုတ်) လူကုန်ကူးခံရရန်အလားအလာနှင့် ပတ်သက်၍ သိသာထင်ရှားသည့် စိုးရိမ်မှုများ တိုးပွားလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စပိန်ရဲတပ်ဖွဲ့က လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်၌ လိင်လုပ်သား ၁၃,၀၀၀ ကို ဖော်ထုတ်ခဲ့ပြီး ၎င်းတို့အနက်မှ ၈၀ ရာခိုင်နှုန်းသည် ခေါင်းပုံဖြတ်ခံနေရကြောင်း ဖော်ပြခဲ့သည်။