CNI International News

ဆစ်ဒနီ၊ အောက်တိုဘာ ၁၉

လိင်ပြောင်းလဲခဲ့ခြင်းသည် အစ္စလာမ်ဘာသာကို စော်ကားမှုမြောက်ကြောင်း စွပ်စွဲခံရသူ လိင်ပြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် မလေးရှားနိုင်ငံမှ ထွက်ပြေးလာခဲ့ပြီး တတိယနိုင်ငံ တစ်နိုင်ငံ၌ ခိုလှုံခွင့်ရခဲ့ကြောင်း South China Morning Post သတင်းစာက ရေးသားဖော်ပြသည်။

အလှကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား၍ သန်းကြွယ်သူဌေးဖြစ်လာသည့် နာဆာဂျက် (Nur Sajat) သည် ၂၀၁၈ ခုနှစ် က ဘာသာရေး အခမ်းအနားတစ်ခုတွင် အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်၍ တက်ရောက်လာခဲ့သည်။ထိုသို့ ဝတ်စား ဆင်ယင်မှုသည် အစ္စလာမ်ဘာသာအား စော်ကားမှုစွဲချက်ဖြင့် ရှီးယိုက်တရားရုံးသို့ ရုံးတင်စစ်ဆေးရန် ဆင့်ခေါ်ခြင်း ခံခဲ့ရ သည်။

ပြီးခဲ့သည့်လက ၎င်းသည် ထိုင်းနိုင်ငံ၌ ပြန်ပေါ်လာခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ခေတ္တထိန်းသိမ်းခံရကာ ဒဏ်ကြေး ဆောင်၍ ပြန်လည်လွတ်မြောက်ခဲ့သည်။ ထို့နောက် ယခုခိုလှုံခွင့်ရထားသော တတိယနိုင်ငံသို့ ဆက်လက် ရောက်ရှိခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)၏ အာရှရေးရာဒုတိယဒါရိုက်တာ ဖီရောဘတ်ဆင်က နာဆာဂျက်၏ ခိုလှုံခွင့် လျှောက် လွှာကို လက်ခံခဲ့သော်လည်း မည်သည့်နိုင်ငံက ခိုလှုံခွင့်ရကြောင်း အတည်ပြုရန် ငြင်းဆန်ခဲ့သည်။

ပုံ-လိင်ပြောင်းသူဌေး နာဆာဂျက်ကို မလေးရှားရဲမေက ခေါ်ဆောင်နေစဉ်။

“သူ့အတွက် အခုဆိုရင် လုံခြုံသွားပြီ။ ဒါပေမယ့် သူ အခု ဘယ်မှာလဲဆိုတာ ထုတ်ပြောဖို့က သူ့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၈ ရက်က နာဆာဂျက်သည် ၎င်း၏ တည်နေရာကို ဩစတြေးလျနိုင်ငံဖြစ်ကြောင်း အရိပ်အမြွက်အနေဖြင့် အင်စတာဂရမ်မှ live chat တစ်ခု တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ထို့နောက် ဩစတြေးလျသို့ ခိုလှုံရန် ဘာကြောင့် ရွေးချယ်ခဲ့ ပါသလဲဟု ပရိသတ်တစ်ဦးက မေးမြန်းရာ ၎င်းက “သူတို့ဟာ လူ့အခွင့်အရေးကို လေးစားလို့ပါ” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

၎င်းအနေဖြင့် မလေးရှားကို ဘယ်တော့မှ ပြန်မလာတော့ကြောင်း ဆက်လက် ပြောဆိုခဲ့ပြီး ဩစတြေးလျနိုင်ငံ၏ မြေပုံအား အလံနှင့်အတူ အင်စတာဂရမ်တွင် လွှင့်တင်ခဲ့သည်။ထို့နောက် “ဘဝသစ်” ဆိုသည့် စာတန်းထိုးထားသည်။ ယင်းနောက် အင်စတာဂရမ်ပေါ်တွင်ပဲ ၎င်း၏တည်နေရာကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ဟု ပြောင်းလဲခဲ့သည်။

သူ၏ ခိုလှုံခွင့်တောင်းခံခြင်း အောင်မြင်မှုသတင်းသည် မလေးရှားနိုင်ငံအတွက် အရှက်ရဖွယ်ကောင်းကြောင်း South China Morning Post က ဆက်လက်ရေးသားသည်။ မလေးရှားနိုင်ငံသည် နိုင်ငံပေါင်း ၁၈၃ နိုင်ငံ၏ ကျောထောက်နောက်ခံဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် နံပါတ် ၁၈ နေရာ၌ ရွေးချယ်တင်မြှောက် ခံထားရ သော နိုင်ငံဖြစ်သည်။

၎င်းသည် မိခင်တိုင်းပြည်သို့ ပြန်လျှင် လုံခြုံရေး စိုးရိမ်ရကြောင်း၊ ခွဲခြားဆက်ဆံမှုကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြသည်။

နာဆာဂျက်သည် မလေးရှားမှ ထွက်ပြေးပြီးနောက် ထိုင်းနိုင်ငံတွင် အဖမ်းခံရချိန် စက်တင်ဘာ ၈ ရက်အထိ ခိုလှုံခွင့် ရရှိရေးမှာ မရေမရာဖြစ်နေခဲ့သည်။ ထို့နောက် နာဆာဂျက်သည် စက်တင်ဘာ ၃၀ ရက်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာသွား ကြောင်း LGBT တက်ကြွလှုပ်ရှားတစ်ဦးက အေရှားဝိခ်မီဒီယာသို့ ပြောကြားခဲ့သည်။

“အခုဆိုရင် ပျော်ရွှင်လွတ်လပ်သွားပါပြီ” ဟု နာဆာဂျက်က သူ၏ အင်စတာဂရမ် စာမျက်နှာတွင် ရေးသားလွှင့်တင်ထား သည်။