CNI News

ဒါကာ ဇူလိုင် ၂၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် ဇူလိုင် ၂၇ ရက်၊ အင်္ဂါနေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမှုနှင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ဘင်္ဂါလီ(မူရင်း-ရို)မွတ်ဆလင် အနည်းဆုံး ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများ၏ ပြောကြား ချက်ကို ကိုးကား၍ thewire.in သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေများ ဖုံးလွှမ်းလာခဲ့ရာ ကလေးတစ်ဦး အပါအဝင် လူ ၆ ဦးသေဆုံးကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူ မိုဟာမက်ရှက်ဆက်ဒူဇာက ပြောသည်။

အိမ်နီးချင်း မြန်မာနိုင်ငံမှ စစ်တပ်၏ပစ်ခတ်မှုကြောင့် ၂၀၁၇ ခုနှစ်တွင် ဘင်္ဂါလီ(မူရင်း-ရို) တစ်သန်းနီးပါး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်များ အခြေချရာ ကော့ဘဇားနယ်စပ်ဒေသတွင် လူဦးရေထူထပ်စွာ ခိုလှုံနေထိုင်ကြသည်။

ပုံ- ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတစ်ခု ရေကြီးနေ (ရိုက်တာ)  

“အဲဒီ ဒုက္ခသည် စခန်းတွေထဲမှာ ကြောက်စရာကောင်းတဲ့ အခြေအနေတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အမိုးအကာတွေ အောက်ကို ရေတွေဝင်လာတယ်။ သားသည်အမေတွေနဲ့ ကလေးတွေ ငိုပြီး ပြေးကြတယ်” ဟု ဒုက္ခသည်တစ်ဦးဖြစ်သူ ကာဆမ်က The Wire သတင်းဌာနသို့ ပြောသည်။

အမိုးအကာများအပေါ်အထိ ရေများတက်လာခဲ့သည့်အပြင် ကုန်းမြင့်တစ်နေရာတွင် မြေပြို၍ ကလေးငယ်နှစ်ဦး ယမန်နေ့ ဇူလိုင် ၂၇ ရက်က သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ Save the Children အဖွဲ့မှ ညွှန်ကြားရေးမှူး Onno van Manen က ပြောသည်။

“မိုး အရမ်းသည်းတော့ ရာနဲ့ချီတဲ့ ယာယီတဲတွေ ပျက်စီးခဲ့တယ်။ မိသားစုလိုက် ကျောင်းတွေ၊ ဗလီတွေမှာ ခိုလှုံဖို့ ရှာကြံ ကြ တယ်။ အဲဒီမှာ အသေအပျောက်လည်း ရှိတယ်ပေါ့” ဟု အွန်နိုဗန်မန်းက ရှင်းပြသည်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းချက် သတင်းထုတ်ပြန်ပြီး ဖြစ်သည်။

၎င်းဒုက္ခသည်များသည် ဝါးနှင့်ပလတ်စတစ်တို့ဖြင့် ပြုလုပ်ထားသော တဲများဆောက်၍ တောင်စောင်းတွင် နေထိုင်ကြခြင်း ကြောင့် ရေလွှမ်းမိုးမှုကြောင့် ၎င်းနေထိုင်မှုကို ပိုမိုဆိုးဝါးစေခဲ့သည်။

ယမန်နေ့ညက မိုးသည်းထန်မှုကြောင့် ကော့ဘဇားဒေသတွင် အလွန်အမင်း ရေကြီးခဲ့ရာ ဒုက္ခသည်များနှင့် ကလေးအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် အကျိုးသက်ရောက်မှု မည်မျှခံနိုင်ရည်ကြောင်း ထပ်မံပြသရာရောက်သည်ဟု ဗန်မန်းက ပြောခဲ့သည်။

Source: The Wire