CNI International News

ပျဉ်းမနား၊ စက်တင်ဘာ ၁၄

ဗီယက်နမ်တွင် တိုင်းဖွန်ယာဂီ (Typhoon Yagi) ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေချိန်တွင် မြန်မာနိုင်ငံရှိ ရာနှင့်ချီသည့် ကျေးရွာများတွင် မုန်တိုင်း အဖျားခတ်မှုကြောင့် မိုးသည်း ထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းယာဂီကြောင့် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာ တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားလျက်ရှိသည်။

ထိုသဘာဝဘေးကြောင့် အထက်ဖော်ပြပါ နိုင်ငံ ၄ နိုင်ငံတွင် သေဆုံးသူ စုစုပေါင်း ၂၈၀ ရှိသည်။ 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့က ကလောမြို့ ရေနစ်မြှုပ်နေစဉ်

ထိုသေဆုံးသူများအနက် ဗီယက်နမ်တွင် ၂၃၃ ဦးနှင့် မြန်မာတွင် ၃၆ ဦး ပါဝင်ပြီး လူပေါင်းများစွာ ပျောက်ဆုံး နေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသား မီးသတ်တပ်ဖွဲ့က သေဆုံးသူ အရေအတွက်ကို စက်တင်ဘာ ၁၃ ရက်က အတည်ပြုခဲ့ပြီး လူပေါင်း ၅၀၀၀၀ ကျော် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေး နေရသည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ မြစ်များ၊ ချောင်းများအနီးတွင် တည်ရှိသည့် ရေလွှမ်းမိုးနေသော ကျေးရွာများ၌ နေထိုင်သူများကို မြန်မာစစ်သားများက ကယ်တင်ပေးနေပြီး အချို့မှာ ကိုယ့် အစီအစဉ်နှင့်ကိုယ် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

 ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်အတွင်း ရေကြီးနေစဉ်

လူနေအိမ်များ၊ ငှက်ပျောခြံများနှင့် ကြံခင်းများလည်း ရေလွှမ်းမိုးခံခဲ့ရသည်။

"ဒီလိုရေကြီးတာကို ပထမဆုံးအကြိမ် ကြုံဖူးတာပါ။ ကျနော်တို့မှာ ပြင်ဆင်ချိန်တောင် မရပါဘူး။ တော်တော် ကြောက်ဖို့ ကောင်းပါတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

နေပြည်တော် အနီးတစ်ဝိုက်ရှိ နေရာဒေသအချို့တွင် ရေလွှမ်းမိုးမှုများကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လျှပ်စစ် ဓာတ်အားပေးတာဝါတိုင်များ၊ အဆောက်အအုံများ၊ လမ်းများ၊ တံတားများလည်း ပျက်စီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့သည်။

Source: Thai PBS World